





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အွက်ဗဟ်ဗင်န်အာမိရ် အလ်ဂျုဟနီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ ကုရ်အာန်ကျမ်းမြတ်ကို အသံကျယ်စွာ ဖတ်ရွတ်သူသည် လူသိရှင်ကြား ဆွဒ်ကဟ်အလှူဒါနပြုသူကဲ့သို့ဖြစ်သည်။ ကုရ်အာန်ကျမ်းမြတ်ကို တီးတိုးစွာ ဖတ်ရွတ်သူသည် တိတ်တဆိတ် ဆွဒ်ကဟ်အလှူဒါနပြုသူကဲ့သို့ဖြစ်သည်။
رواه أبو داود والترمذي والنسائيတမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်။ ကုရ်အာန်ကျမ်းမြတ်ကို အသံကျယ်စွာ ဖတ်ရွတ်သူသည် ပေါ်လွင်ထင်ရှားစွာ အလှူဒါနပြုသူကဲ့သို့ဖြစ်ပြီး ကုရ်အာန်ကျမ်းမြတ်ကို တီးတိုးစွာ ဖတ်ရွတ်သူသည် လျှို့ဝှက်စွာ အလှူဒါနပြုသူကဲ့သို့ဖြစ်သည်။
အလီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်ုပ်သည် ဤကဲ့သို့သောသူဖြစ်သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဟဒီးဆ်တော်တစ်ပုဒ်အားကြား နာရသောအခါ ထိုဟဒီးဆ်တော်မှ အကျိုးခံစားနိုင်ရန်အလို့ငှာ အလ္လာဟ်အရှင်မြတ်သည်မိမိအလိုရှိသည့်အတိုင်း ကျွန်ုပ်အားအကျိုးဖြစ်ထွန်းစေတော်မူ၏။ ကိုယ်တော်၏ ဆွဟာဗဟ်များအနက်မှ တစ်ဦးတစ်ယောက်သည် ကျွန်ုပ်အား ဟဒီးဆ်တော်တစ်ပုဒ်ဆင့်ပြန်ပါက ကျွန်ုပ်သည် ၎င်းအားကျိန်ဆိုစေသည်။ အကယ်၍ ၎င်းကကျွန်ုပ်အားကျိန်ဆိုပြလျှင် သူ့အားကျွန်ုပ်ထောက်ခံသည်။ အမှန်တကယ်ပင် အဗူဗက်ရ် (ရဿွိယလ္လာဟုအန်ဟု)သည် ကျွန်ုပ်အား ဟဒီးဆ်တော်တစ်ပုဒ် ဆင့်ပြန်ခဲ့သည်။ အဗူဗက်ရ် (ရဿွိယလ္လာဟုအန်ဟု)သည် အမှန်ကိုပင် ပြောကြားခဲ့သည်။ ၎င်းကပြောသည်မှာ ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ “လူတစ်ဦးသည် အပြစ်အကုသိုလ်တစ်ခု ကျူးလွန်ပြီးနောက်(ဝုဿွူရေ) သန့်စင်မှုပြုလုပ်မည်။ ထို့နောက် ဆွလာသ်ဆောက်တည်မည်။ ၎င်းနောက်အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အပြစ်မှ ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအားမုချ ခွင့်လွှတ်တော်မူမည်ဖြစ်သည်။” ထို့နောက် ကိုယ်တော်သည် ဤအာယသ်တော်အား ရွတ်ဖတ်တော်မူခဲ့သည်။ (ထို့ပြင်တဝ ယင်းသူတော်စင်များသည် ညစ်ညမ်းသော ကိစ္စတရပ်ရပ်ကို ပြုလုပ်မိကြသည်ဖြစ်စေ၊ မိမိတို့ကိုယ်ကို နှိပ်စက်ညှင်းပန်းမိကြသည်ဖြစ်စေ (ပြုမိလျှင်ပြုမိခြင်း) အလ္လာဟ်အရှင်မြတ်အား အောက်မေ့ တသ သတိရကြကုန်၏။ ထို့နောက် မိမိတို့အပြစ်များမှ ချမ်းသာရန်အလို့ငှါ (အလ္လာဟ်အရှင်မြတ် အထံတော်၌) အသနားခံ တောင်းပန်ကြကုန်၏။) ကုရ်အာန် (၃:၁၃၅)
رواه أبو داود والترمذي والنسائي في الكبرى وابن ماجه وأحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားထားသည်မှာ လူတစ်ဦးသည် အပြစ်အကုသိုလ်တစ်ခု ကျူးလွန်ပြီးနောက် ကောင်းမွန်စွာ (ဝုဿွူရေ) သန့်စင်မှုပြုလုပ်မည်။ ထို့နောက် ဤအပြစ်အကုသိုလ်မှ သောင်ဝ်ဗဟ် အမှားဝန်ချ တောင်းပန်မှုပြုရန် ရည်ရွယ်ချက်ဖြင့် ဆွလာသ်ဆောက်တည်မည်။ ၎င်းနောက် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အပြစ်မှ ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံပါက အလ္လာဟ်အရှင်မြတ် သည် ၎င်းအားမုချခွင့်လွှတ်တော်မူမည်ဖြစ်သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤအာယသ်တော်ကို ရွတ်ဖတ်တော်မူသည်။ (ထို့ပြင်တဝ ယင်းသူတော်စင်များသည် ညစ်ညမ်းသော ကိစ္စတရပ်ရပ်ကို ပြုလုပ်မိကြသည် ဖြစ်စေ၊ မိမိတို့ကိုယ်ကို နှိပ်စက်ညှင်းပန်းမိကြသည်ဖြစ်စေ (ပြုမိလျှင်ပြုမိခြင်း) အလ္လာဟ်အရှင်မြတ်အား အောက်မေ့ တသ သတိ ရကြကုန်၏။ ထို့နောက် မိမိတို့အပြစ်များမှ ချမ်းသာရန်အလို့ငှါ(အလ္လာဟ်အရှင်မြတ် အထံတော်၌) အသနားခံ တောင်းပန်ကြကုန်၏။ စင်စစ်သော် ကား အလ္လာဟ်အရှင်မြတ်မှတစ်ပါး အပြစ်များမှ ချမ်းသာခွင့်ပေးနိုင်သောသူသည် အဘယ်သူနည်း။ တဖန် ယင်းသူတို့သည် မိမိတို့ ပြုလုပ်မိကြသော (ပြစ်မှုဒုစရိုက်များကို) ဇွတ်တိုး၍ မိမိတို့ကိုယ်တိုင်သိနားလည်ကြပါလျက်နှင့် လက်မလျှော့ဘဲ ပြုမြဲပြုနေခဲ့ကြသည်လည်း မဟုတ်ချေ။) ကုရ်အာန် (၃:၁၃၅)
အဘူအုမာမဟ် အလ်ဗာဟိလီ ( ရဿွိယလ္လာဟု အန်ဟု ) ဆင့်ပြန်ခဲ့သည်။ လူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ ရောက်ရှိလာပြီး " ကိုယ်တော် ဤသို့သောသူနှင့်ပတ်သတ်၍ အဘယ်သို့ မိန့်ကြားတော်မူပါနည်း။ ထိုသူသည် ဂျိဟာဒ်စစ်ပွဲတွင် အကျိုးဆုလာဘ်နှင့် ကျော်ကြားမှုကို ရှာဖွေလိုသောဆန္ဒဖြင့် ပါဝင်ခဲ့သည်။ ထိုသူ့အဖို့ မည်သည့်အကျိုးဆုလာဘ် ရှိမည်နည်း။"ဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည် - "ထိုသူ့အဖို့ မည်သည့်အရာမျှ ရှိမည်မဟုတ်ပါ။" ထိုသူသည် ဤမေးခွန်းကိုပင် သုံးကြိမ်တိုင်တိုင် ထပ်တူထပ်မျှ ပြန်လည်မေးမြန်းခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ကလည်း အကြိမ်တိုင်းတွင် "သူ့အဖို့ မည်သည့်အရာမျှ ရှိမည်မဟုတ်ပါ" ဟုပင် ဖြေကြားတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - "ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အတွက်သာ စိတ်စေတနာစင်ကြယ်စွာသီးသန့်ပြုလုပ်ပြီး အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကို ရှာဖွေလိုသောဆန္ဒဖြင့် ပြုမူကျင့်ကြံခဲ့သော အမလ်မှအပ အခြားသော အမလ်များကို လက်ခံတော်မူမည် မဟုတ်ပေ။
رواه النسائيလူတစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံသို့ လူတစ်ဦးနှင့်ပတ်သတ်၍ လျှောက်ထားမေးမြန်းရန် လာရောက်ခဲ့သည်။ ထိုသူသည် ဂျိဟာဒ်( စစ်ပွဲ ) တွင် အလ္လာဟ်အရှင်မြတ်ထံမှ အကျိုးဆုလာဘ်ကိုလည်းကောင်း၊ လူအများ၏ ချီးမွမ်းမှုကိုလည်းကောင်း ရယူလိုသောဆန္ဒဖြင့် ပါဝင်ခဲ့၏။ထိုသူသည် အကျိုးဆုလာဘ်ကို ရ၊ မရကို (သိရှိလိုခဲ့သည်။) သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်၏ ရစူလ် တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ထိုသူ့အား ၎င်း(မုဂျာဟိဒ်)အဖို့ မည်သည့်အကျိုးဆုလာဘ်မျှ ရှိမည်မဟုတ်ကြောင်း ဖြေကြားတော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုသူသည် မိမိ၏ နီယသ်ရည်စူးချက်တွင် အလ္လာဟ်အရှင်မြတ်နှင့် ရှိရ်က်ပြုလုပ်ခဲ့သောကြောင့် ဖြစ်သည်။ ထိုသူသည် မိမိ၏ မေးခွန်းကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံတွင် သုံးကြိမ်တိုင်တိုင် ထပ်တူထပ်မျှ ပြန်လည်မေးမြန်းခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ကလည်း အကြိမ်တိုင်းတွင် "သူ့အဖို့ မည်သည့်အရာမျှ ရှိမည်မဟုတ်ပါ" ဟူသည့် အဖြေကိုသာ ဖြေကြားတော်မူခဲ့သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ အမလ်လက်ခံခြင်းခံရမည့် စည်းမျဉ်းဥပဒေတစ်ရပ်ကို မိန့်ကြားတော်မူခဲ့သည်။ ထိုစည်းမျဉ်းမှာ- စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အတွက်သာ (စိတ်စေတနာစင်ကြယ်စွာသီးသန့်) ပြုလုပ်ပြီး အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကို ရှာဖွေလိုသောဆန္ဒဖြင့် ပြုမူကျင့်ကြံခဲ့သော အမလ်မှအပ အခြားသောအမလ်များကို လက်ခံတော်မမူမပေ။ ထို့ပြင် ထိုအမလ်တွင် အလ္လာဟ်အရှင်မြတ်နှင့် အတူ အခြားတစ်စုံတစ်ရာအား ရှိရ်က်ပြုလုပ်ခြင်း(ယှဉ်တွဲကိုးကွယ်ခြင်း) မရှိစေရပါ။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ လူတစ်ဦးရှိ အစ္စလာမ်သာသနာတော်၏ လှပတင့်တယ်ခြင်းများအနက် တစ်ခုမှာ အချည်းနှီး၊အကျိုးမဲ့ကိစ္စများကို စွန့်လွှတ်ခြင်းဖြစ်သည်။
رواه الترمذي وغيرهတမန်တော်မြတ်(ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ် ) ကရှင်းလင်းတင်ပြတော်မူခဲ့သည်မှာ - မုစ်လင်မ်တစ်ဦး၏ အစ္စလာမ်သာသနာတော်၏ လှပပြည့်စုံမှုနှင့် သူ၏အီမာန်သက်ဝင်ယုံကြည်မှု၏ ပြည့်စုံမှုမှာ ၎င်းအတွက် အရေးမကြီးသော၊ ၎င်းနှင့်မသက်ဆိုင်သော၊ ၎င်းအတွက် အကျိုးမရှိသော စကားများနှင့် အပြုအမူများကို စွန့်လွှတ်ခြင်း သို့တည်းမဟုတ် သာသနာနှင့် လောကီအရေး ကိစ္စရပ်များမှ ၎င်းအတွက် အကျိုးမရှိသော အရာများကို စွန့်လွှတ်ရှောင်ကြဉ်ခြင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးအဖို့အရေးမကြီးသောအရာများကို လုံးပန်းခြင်းသည် ၎င်းအတွက် အရေးကြီးသောအရာများမှ ဝေးကွာစေနိုင်ကာ ရှောင်ကြဉ်အပ်သောအရာများသို့ ရောက်ရှိစေနိုင်သောကြောင့်တည်း။ ဧကန်မုချ၊ လူသားသည် ကိယာမသ်နေ့တွင် မိမိ၏ပြုမူကျင့်ကြံမှုများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းခံရမည်ဖြစ်သည်။
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မုအ်မင်န်သည် လူတို့အား အလွန်ပင်အပြစ်ရှာသူ၊ အလွန်ပင်ကျိန်ဆဲသူ၊ ညစ်ညမ်းသောစကား၊ အရှက်တရားကင်းမဲ့သည့် လုပ်ရပ်တို့ကို ကျူးလွန်သူ မဟုတ်ပေ။
رواه الترمذيတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ- လူတို့၏မျိုးရိုးဂုဏ်သိက္ခာကို အလွန်ကဲ့ရဲ့ရှုံ့ချသူ၊ များစွာဆဲရေးတိုင်းထွာသူနှင့် အလွန်ကျိန်ဆဲသူ၊ စက်ဆုပ်ဖွယ်ကောင်းသောအပြုအမူနှင့် ရိုင်းစိုင်းသောစကားကို မရှက်မကြောက်ဘဲ ပြောဆိုတတ်သူဖြစ်ခြင်းတို့သည် အီမာန်ပြည့်ဝသောမုအ်မင်န်တစ်ဦး၏ အချင်းလက္ခဏာမဟုတ်ပေ။
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို တစ်ရက်တွင် لاَ إِلَهَ إِلَّا اللَّه،) وَحْدَهُ لاَ شَرِيكَ لَهُ، لَهُ المُلْكُ وَلَهُ الحَمْدُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ) အကြိမ်တစ်ရာ ရွတ်ဖတ်ပါက ၎င်းသည် ကျေးကျွန်ဆယ်ဦးကို သူကောင်းပြုခြင်းနှင့် ညီမျှသော အကျိုးကုသိုလ်ကို ရရှိပေမည်။ ထို့ပြင် ၎င်းအတွက် ကောင်းမှု တစ်ရာ ရေးမှတ်ခြင်းခံရပြီး၊ မကောင်းမှု တစ်ရာ ဖယ်ရှားပေးခြင်းခံရပေမည်။ ၎င်းအတွက် ညနေခင်းရောက်သည်အထိ ၎င်း၏တစ်နေ့တာမှာ ရှိုင်သွာန်ရဲ့ ဘေးအန္တရာယ်မှ ထိန်းသိမ်းခြင်းခံရပေမည်။ ၎င်းပြုလုပ်သည့် ကောင်းမှုထက် ပို၍ကောင်းသည့် အရာကို ယူဆောင်လာ (ပြုလုပ်သည့်) သူမရှိပေ။ သို့သော် လူတစ်ဦးသည် ၎င်းထက် ပို၍ ထို(ကလိမဟ်တော်) ကို ရွတ်ဖတ်ပါက ထိုသူသည် ပို၍ ကောင်းသည့်အရာကို ယူဆောင်လာခြင်း (ပြုလုပ်ခြင်း) ပင်ဖြစ်သည်။
متفق عليهတမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) မိန့်ကြားတော်မူခဲ့သည်။ မည်သူမဆို ဤဒုအာကို ရွတ်ဖတ်ပါက - لاَ إِلَهَ إِلَّا اللَّهُ، وَحْدَهُ لاَ) شَرِيكَ لَهُ، لَهُ المُلْكُ وَلَهُ الحَمْدُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ) (အလိုသဘောမှာ- အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်သောအရှင်ဟူ၍မရှိပါ။ ထိုအရှင်မြတ်သည် တစ်ပါးတည်းသောအရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၏ ကိုးကွယ်ခံထိုက်ခြင်း၊ ဖန်ဆင်းခြင်း၊ နာမတော်များနှင့် ဂုဏ်တော်များတွင် ထိုအရှင်မြတ်နှင့် တွဲဖက်ယှဉ်တွဲကိုးကွယ်ရာဟူ၍ အလျင်းမရှိချေ။ အရှင်မြတ်သည်သာလျှင် စကြဝဠာအားလုံး၏ အချုပ်အခြာအာ ဏာပိုင်ရှင်ဖြစ်တော်မူပြီး အလိုရှိသလို စီမံခံ့ခွဲနိုင်တော်မူသောအရှင်ဖြစ်သည်။ ချီးမွမ်းခြင်းအားလုံးသည် အရှင်မြတ်အတွက်သာဖြစ်၏။ ထိုအရှင်မြတ်သည် မိမိဖန်ဆင်းတော်မူသမျှနှင့် စီမံချမှတ်တော်မူသမျှအတွက် (ချီးမွမ်းခြင်းခံရထိုက်သကဲ့သို့) ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်၌ စွမ်းဆောင်နိုင်တော်မူသောအရှင်ဖြစ်၏။ မည်သူတစ်ဦးတစ်ယောက်မျှ (အရှင်မြတ်၏ အမိန့်တော်ကို) ဟန့်တားနိုင်စွမ်း မရှိသကဲ့သို့ ပယ်ဖျက်နိုင်စွမ်းလည်း မရှိပေ။ ထို့ပြင် အရှင်မြတ်အလိုရှိတော်မမူသောအရာသည် ဖြစ်လာနိုင်မည်ပေ။ သို့ဖြစ်ရာ မည်သူ မဆို ဤဇိကိရ်ကို တစ်ရက်တွင် အကြိမ် တစ်ရာရွတ်ဖတ်ပါက အလ္လာဟ်အရှင်မြတ်ထံတော်၌ ကျေးကျွန်ဆယ်ဦးအား သူကောင်းပြုသူ၏အကျိုးကျေး ဇူးနှင့်အညီ ကုသိုလ်အကျိုးရေးမှတ်ခြင်းခံရမည်။ ၎င်းအတွက် ဂျန္နသ်သုခဘုံ၌ ကောင်းမှုအဆင့်တစ်ရာ ရရှိရန်ရေးမှတ်ခြင်းခံရမည်။ ၎င်းထံမှမကောင်းမှုတစ်ရာ ပယ်ဖျက်ပေးခြင်းခံရမည်။ ထိုဇိကိရ်သည် ၎င်းအဖို့ ညနေခင်းအထိ ထိုနေ့တွင် ရှိုင်သွာန်၏ လှည့်စားမှုနှင့် နှောင့်ယှက် လွှမ်းမိုးမှုမှ ကာကွယ်စောင့်ရှောက်ပေးသော၊ ခံတပ်ကြီးတစ်ခုသဖွယ် ဖြစ်ပေမည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ကိယာမတ်နေ့တွင် ၎င်းပြုလုပ်သည့် ကောင်းမှုထက် ပို၍ကောင်းမွန်သည့် အရာကို ယူဆောင်လာနိုင်မည်မဟုတ် ပေ။ သို့ရာတွင် လူတစ်ဦးသည် ၎င်းထက် ပို၍ ထို(ကလိ မဟ်တော်) ကို ရွတ်ဖတ်ပါက ထိုသူသည် ပို၍ ကောင်းသည့်အရာကို ယူဆောင်လာခြင်းပင်ဖြစ်သည်။
အဗ်ဒုလ္လာဟ် ဗင်န် အိုမရ် (ရဿွိယလ္လာဟုအန်ဟုမာ) ထံမှ ဆင့်ပြန်လာရှိသည်။ ၎င်းက ပြောပြသည်- ကျွန်ုပ်တို့သည် ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်) နှင့်အတူ ဟိဂ်ျရ် (ဆမူးဒ်အမျိုးသားတို့နေထိုင်ရာ ကျောက်ဆောင်ဒေသ) ကို ဖြတ်သန်းကြစဉ်၊ ရစူလ်တမန်တော်(ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လမ်)က ကျွန်ုပ်တို့အား မိန့်ကြားတော်မူသည်- “သင်တို့သည် မိမိတို့ကိုယ်ကို မတရားညှဥ်းဆဲခဲ့ကြသောသူတို့၏ နေရာများသို့ မဝင်ရောက်ကြကုန်လင့်။ သို့သော် အသင်တို့ ငိုကြွေးမြည်တမ်းလျက် (၎င်းတို့၏အဖြစ်ကို သင်ခန်းစာယူသည့်အနေဖြင့် ဝင်လိုလျှင်သာ) ဝင်ကြလော့။ အကြောင်းမှာ သူတို့ထံ ကျရောက်ခဲ့သောပြစ်ဒဏ်မျိုး သင်တို့ထံသို့လည်း ကျရောက်လာမည်ကို စိုးရိမ်ရသော ကြောင့်ဖြစ်သည်။" ထို့နောက် ကိုယ် တော်သည် (မိမိ၏ အစီးအနင်းကို) အရှိန်တင်ကာ ထိုနေရပ်ကို ကျော်လွန်သည်အထိ အမြန်နှုန်းဖြင့် စီးနင်းသွားတော်မူခဲ့သည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဆမူးဒ်အမျိုးသားတို့၏ နေရပ်ကို ဖြတ်သန်းတော်မူသည့်ချိန်၌ မိမိတို့ကိုယ်ကို မတရားညှဉ်းဆဲခဲ့ကျသော အပြစ်ဒဏ်ခံရသည့်လူများ၏ နေရပ်သို့ ဝင်ရောက်ခြင်း သို့မဟုတ် သွားရောက်ခြင်းမှ တားမြစ်တော်မူခဲ့သည်။ သို့ရာတွင် ငိုကြွေးမြည်တမ်းလျက်၊ ၎င်းတို့၏ အဖြစ်အပျက်ကို သင်ခန်းစာယူလျက် ဝင်မည်ဆိုလျင်မူ ဝင်ရောက်သွားလာခွင့်ရှိသည်။ အကြောင်းမှာ ၎င်းတို့ထံ သက်ရောက်ခဲ့သော ပြစ်ဒဏ်မျိုး မိမိထံသို့လည်း သက်ရောက် လာမည်ကို စိုးရိမ်ရသောကြောင့်ဖြစ် သည်။ ထို့နောက် ကိုယ်တော်သည် မိမိ၏အစီးအနင်း(ကုလားအုပ်မ)ကို အရှိန်တင်ကာ ထိုနေရပ်ကို ကျော်လွန်သည်အထိ အမြန်နှုန်းဖြင့် စီးနင်းသွားတော်မူခဲ့သည်။
ဟုဇိုင်ဖဟ်(ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်ပြောပြသည်− “ကျွန်ုပ်တို့သည် အိုမရ်(ရဿွိယလ္လာဟုအန်ဟု)၏ထံတွင် ရှိခဲ့ကြသည်။ ထိုအခါ အိုမရ်က “သင်တို့အနက် မည်သူသည် ရစူလ်တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဖိသ်နာများ (စမ်းသပ်မှုများ)အကြောင်း ပြောဆိုမိန့်ကြားသည်ကို ကြားခဲ့ကြသနည်း” ဟု မေးလေသည်။ ထိုအခါ လူအချို့က “ကျွန်ုပ်တို့ ကြားခဲ့ပါသည်” ဟု ဖြေကြသည်။ အိုမရ်က “သင်တို့သည် လူတစ်ဦး၏ မိသားစုနှင့် အိမ်နီးချင်းနှင့်ဆိုင်သော ဖိသ်နာအကြောင်းကို ဆိုလိုကြသည်ထင်သည်” ဟု မေးရာ သူတို့က “ဟုတ်ကဲ့” ဟု ဖြေကြသည်။ အိုမရ်က “ထိုအရာများကို ဆွလာသ်၊ စွိယာမ်၊ စွဒကဟ်တို့က ပယ်ဖျက်ပေးနိုင်သည်။ သို့သော် သင်တို့အနက် သမုဒ္ဒရာလှိုင်းများကဲ့သို့ တစ်ခုပြီးတစ်ခု လှုပ်ရှားသော ဖိသ်နာအကြောင်း တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်) က ပြောဆိုမိန့်ကြားသည်ကို မည်သူကြားခဲ့သနည်း” ဟု မေးလေသည်။ ဟုဇိုင်ဖ်က ပြောပြသည်မှာ- “ထိုအခါ လူများက ဆိတ်ဆိတ်နေကြသည်။ ကျွန်ုပ်က ‘ကျွန်ုပ်ပါ’ ဟု ပြောလေ၏။ အိုမရ်က ‘သင့်အား ဤသို့ကောင်းမွန်သူဖြစ်အောင် ပြုစုပျိုးထောင်ခဲ့သူ သင့်ဖခင်အား အလ္လာဟ်အစားပေးပါစေ။ ဟုဇိုင်ဖ်က ပြောပြသည်− “ကျွန်ုပ်သည် ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ဤသို့ မိန့်ကြားသည်ကို ကြားခဲ့ပါသည်− "ဖိသ်နာများသည် နှလုံးသားများပေါ်သို့ ထင်းချောင်းတစ်ချောင်းပြီးတစ်ချောင်းဖြင့် ရက်လုပ်ထားသည့်ဖျာကဲ့သို့ ကျရောက်လာမည်။ မည်သည့်နှလုံးသားမဆို ၎င်းဖိသ်နာကို စုပ်ယူလိုက်လျှင် ထိုနှလုံးသားတွင် အနက်ရောင် အစက်တစ်စက် ပေါ်လာမည်။ မည်သည့်နှလုံးသားမဆို ၎င်းဖိသ်နာကို ငြင်းပယ်လျှင် ထိုနှလုံးသားတွင် အဖြူရောင် အစက်တစ်စက် ပေါ်လာမည်။ နောက်ဆုံး၌ နှလုံးသားများသည် နှစ်မျိုး ဖြစ်သွားမည်− တစ်မျိုးမှာ ကျောက်သားကဲ့သို့ ဖြူဖွေးနေသော နှလုံးသားဖြစ်၍ မိုးကောင်းကင်များနှင့် မြေပထဝီ တည်ရှိနေသမျှ (ကိယာမသ်မဖြစ်မချင်း) မည်သည့်ဖိသ်နာကမျှ ၎င်းကို မထိခိုက်နိုင်ပေ။ နောက်တစ်မျိုးမှာ အနက်ရောင်၊ ကွဲအက်နေပြီး ဖုန်မှုန့်ကဲ့သို့ မည်းညစ်နေသော နှလုံးသားဖြစ်၏။ ၎င်းသည် ဇလားတစ်လုံးကို မှောက်ထားသကဲ့သို့ (ကောင်းမှုကို လက်မခံနိုင်၊ မကောင်းမှုကိုလည်း မငြင်းပယ်နိုင်)၊ မိမိစိတ်အလို၏နောက်သို့ လိုက်ပါသောအရာမှတစ်ပါး ကောင်းမှုကို မသိ၊ မကောင်းမှုကိုလည်း မငြင်းပယ်တတ်တော့ပေ။" ဟုဇိုင်ဖ်က ဆက်လက်ပြောပြသည်− ကျွန်ုပ်သည် အိုမရ်အား "ဤဖိသ်နာများနှင့် သင်တို့ကြားတွင် ပိတ်ထားသော တံခါးချပ်တစ်ခုရှိသည်။ ထိုတံခါးသည် ချိုးဖျက်ခြင်းခံရတော့မည်" ဟုလည်း ပြောကြားခဲ့သည်။ အိုမရ်က "ချိုးဖျက်ခြင်းခံရမည်လော(အံ့ဩလျက်) အသင်၏ ဖခင်ပျောက်ဆုံးပါစေ။ (ပြစ်တင်ကြိမ်းမောင်းလျက်)အကယ်၍ ထိုတံခါးကို ဖွင့်လိုက်လျှင် ပြန်ပိတ်နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။ ကျွန်ုပ်က ‘မဟုတ်ပါ၊ ချိုးဖျက်ခြင်းခံရမည်သာဖြစ်သည်’ ဟု ပြောဆိုခဲ့သည်။ ကျွန်ုပ်သည် ထိုတံခါးသည် လူတစ်ဦးဖြစ်ပြီး အသတ်ခံရမည် သို့မဟုတ် သေဆုံးမည်ဖြစ်ကြောင်း၊ ဤသည်မှာ မှန်ကန်သော ဟဒီးစ်ဖြစ်ပြီး မှားယွင်းသောအကြောင်း တစ်စုံတစ်ရာ မပါရှိကြောင်းကိုလည်း ကျွန်ုပ် ပြောပြခဲ့သည်။ ” အဘူခါလိဒ် (ဆင့်ပြန်သူတစ်ဦး) က ကျွန်ုပ်သည် “စအ်ဒ်ဗင်အား ‘အိုအဘူမာလစ်က်၊ "အစ်ဝဒ်မွရ်ဗာဒ်" (أَسْوَدُ مُرْبَادٌّ) ဆိုသည်မှာ အဘယ်နည်း’ ဟု မေးခဲ့သည်။ သူက ‘အနက်ရောင်တွင် အဖြူအလွန်ပြင်းခြင်း’ ဟု ဖြေသည်။ ကျွန်ုပ်က "အလ်ကူးဇ် မုဂျတ်က်ခိယန်" (الْكُوزُ مُجَخِّيًا) ဆိုသည်ကော’ ဟု မေးရာ သူက ‘မှောက်ထားသော အိုး’ ဟု ဖြေသည်။”
رواه مسلمမုအ်မင်န်တို့၏ခေါင်းဆောင် အိုမရ် ဗင်န် ခသ်သွားဗ် (ရဿွိယလ္လာဟုအန်ဟု)သည် မိမိ၏ ထိုင်ဝိုင်း၌ ရှိနေခဲ့ပြီး၊ ၎င်း၏ထံပါးတွင် စွဟာဗဟ်သာဝက(ရဿွိယလ္လာဟုအန်ဟွမ်)များထဲမှ တစ်ဖွဲ့လည်းရှိသည်။ ထို့နောက် သူက ၎င်းတို့အား- သင်တို့အနက် မည်သူသည် ရစူလ်တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဖိသ်နာ(စမ်းသပ်မှုများ)အကြောင်း ပြောဆိုမိန့်ကြားသည်ကို ကြားခဲ့ကြသနည်း ဟု မေးလေသည်။ ထိုအခါ ၎င်းတို့ထဲမှ အချို့က "ကျွန်ုပ်တို့သည် (တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်) က) ဖိသ်နာစမ်းသပ်မှုများအကြောင်း ပြောဆိုမိန့်ကြားသည် ကြားဖူးပါသည်" ဟု ပြောကြသည်။ ထိုအခါ အိုမရ်(ရဿွိယလ္လာဟုအန်ဟု)က "သင်တို့သည် လူတစ်ဦး၏ ဇနီး၊ သားသမီးများအပေါ် လွန်ကဲသော ချစ်ခြင်းမေတ္တာ၊ သူတို့အပေါ် စေးနှဲတွန့်တိုခြင်း၊ သူတို့နှင့် လုံးပန်းနေရခြင်းကြောင့် ကောင်းမှုများစွာကို လုပ်ဆောင်ရန်အာရုံမစိုက်နိုင်တော့ခြင်း၊ သို့မဟုတ် သူတို့၏အခွင့်အရေးများကို ထမ်းဆောင်ရန်၊ ဆုံးမရန်၊ သင်ကြားရန် လိုအပ်ချက်ကို လျစ်လျူရှုခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော စမ်းသပ်ခြင်းကို ဆိုလိုကြသည်ထင်သည်။ ထိုနည်းတူ လူတစ်ဦး၏ အိမ်နီးချင်းနှင့် အလားတူကိစ္စရပ်များတွင် ဖြစ်ပေါ်သော ဖိသ်နာကို သင်တို့ ဆိုလိုကြသည်ထင်သည်ဟု မိန့်ကြားလေသည်။ ၎င်းတို့က "ဟုတ်ကဲ့" ဟု ဖြေကြသည်။ အိုမရ်(ရဿွိယလ္လာဟုအန်ဟု) က "ထိုအရာများသည် စာရင်းစစ် ဆေးရန် လိုအပ်သည့် စမ်းသပ်မှုများဖြစ်ပြီး ၎င်းတို့ထဲတွင် ဆွလာသ်ဝတ်ပြုခြင်း၊ ဆွိယာမ်ဥပုသ်စောင့်ထိန်းခြင်း၊ စွဒ်ကဟ်အလှူဒါနကဲ့သို့သော ကောင်းမှုကုသိုလ်များဖြင့် ပယ်ဖျက်ပေးခြင်းခံရရန် မျှော်လင့်ရသော အပြစ်အကုသိုလ်များလည်းရှိသည်။ သို့သော် အလွန်ကြီးမားပြင်းထန်မှု၊ အလွန်ပျံ့နှံ့တွင်ကျယ်မှုတို့ကြောင့် လူတို့ကို သမုဒ္ဒရာ၏လှိုင်းလုံးများ ရိုက်ခတ်သကဲ့သို့ ရိုက်ခတ်စေသော အများနှင့်သက်ဆိုင်သော ဖိသ်နာစမ်းသပ်မှုများအကြောင်း ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ပြောဆိုမိန့်ကြားသည်ကို အသင်တို့အနက် မည်သူကြားခဲ့ကြသနည်း” ဟု မေးလေသည်။ ထိုအခါ လူတို့သည် တိတ်ဆိတ်သွားကြသည်။ ထိုအခါ ဟုဇိုင်ဖဟ် ဗင်န် ယမားန် (ရဿွိယလ္လာဟုအန်ဟုမာ) က“ကျွန် တော် ကြားခဲ့ပါသည်” ဟုလျှောက်လေသည်။ ထိုအခါ အိုမရ် (ရဿွိယလ္လာဟုအန်ဟု) က ဝမ်းမြောက်ပျော်ရွှင်ခဲ့ပြီး “သင့်ဖခင်၏ ကျေးဇူးတော် ကြီးလှပေစွ၊ အသင့်လို သားကို ဖွားမြင်ခဲ့ပါပေတကား။ ဆက်ပြောပါ” ဟု ပြောကြားလေရာ၊ ဟုဇိုင်ဖတ်က “တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဤသို့ မိန့်ကြားတော်မူသည်- စမ်းသပ်မှုများ ပေါ်ပေါက်လာလိမ့်မည်။ ၎င်းတို့သည် လူသား၏ ရင်ဘတ်နှင့် နှလုံးသား၏ဘေးတစ်ဖက်တွင် ကပ်ငြိသွားကြလိမ့်မည်။ အိပ်နေသူ၏ အနားတွင် ဖျာချည်မျှင်များ ကပ်နေသကဲ့သို့ဖြစ်သည်။ စမ်းသပ်မှုများ၏ ကပ်ငြိမှု ပြင်းထန်ခြင်းသည် နှလုံး သားအပေါ် သက် ရောက်မှုရှိသည်။ ထိုစမ်းသပ်မှုများသည် အကြိမ်ကြိမ် ပြန် လည်ဖြစ်ပေါ်လိမ့်မည်။ စမ်းသပ် မှုတစ်ခုပြီးတစ်ခု ပေါ်လာမည်။ မည်သည့်နှလုံးသားမဆို ၎င်းကို လက်ခံပြီး ၎င်းကို နှစ်သက်ကာ ဖျော်ရည် ရောသွားသကဲ့သို့ (နှလုံးသားထဲ) ရောနှောသွားပါက ထိုနှလုံးသားတွင် အနက်ရောင်အစက် တစ်စက် ဖြစ်ပေါ်လိမ့်မည်။ မည်သည့်နှလုံးသားမဆို ၎င်းကို ငြင်းပယ်၍ တွန်းလှန်ပါက ထိုနှလုံးသားတွင် အဖြူရောင်အစက် တစ်စက် ဖြစ်ပေါ်လိမ့်မည်။ နောက်ဆုံး၌ နှလုံးသားများသည် နှစ်မျိုးနှစ်စား ဖြစ်လာလိမ့်မည်- (၁) အဖြူရောင် နှလုံးသား။ ၎င်းသည် ခိုင်မာသော အီမာန်၏ သဘော တရားအပေါ် အလွန်မြဲမြံပြီး ချို့ယွင်းချက်မှ ကင်း စင်သည်။ စမ်းသပ် မှုများသည် ၎င်းနှင့် မငြိတွယ်နိုင်။ ၎င်းအပေါ် သက်ရောက်မှုလည်း မရှိချေ။ ချောမွတ်သော ကျောက်သားကဲ့သို့ မည်သည့်အရာမှ မကပ်နိုင်။ ထို့ကြောင့် ထိုနှလုံးသားသည် အလ္လာဟ်အရှင်မြတ်နှင့်တွေဆုံသည့်တိုင် မည်သည့်စမ်းသပ်မှုမှ ၎င်းကို မထိခိုက်စေနိုင်။ အခြားနှလုံးသားတစ်ခုမှာ ၎င်း၏ အရောင်သည် ဖိသ်နာစမ်းသပ်မှုများကြောင့် မည်းမှောင်သွားပြီး၊ ထိုနှလုံးသားသည် စောင်းနေသောရေအိုး သို့မဟုတ် မှောက်လျက်ရှိသော ရေအိုးနှင့်တူသည်။ ထိုရေအိုး၌ ရေမတည်မြဲသကဲ့သို့၊ ဤနှလုံးသား ၌လည်း ကောင်းမှု သို့မဟုတ် ဟိက်မသ်ဉာဏ်အမြှော်အမြင်သည် မတွယ်ကပ်နိုင်။ ၎င်းသည် ကောင်းကျိုးကို မသိ၊ မကောင်းမှုကိုလည်း မတွန်းလှန်နိုင်။ မိမိနှစ်သက်သော၊ မိမိစိတ်အလို၏နောက်သို့ လိုက်ပါသောအရာမှတစ်ပါး အခြားဘာကိုမှ မသိတော့ပေ။ ဟုဇိုင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု) က အိုမရ် (ရဿွလ္လာဟုအန်ဟု) အား ပြောကြားခဲ့သည်မှာ- 'ဧကန်စင်စစ် ထိုဖိသ်နာစမ်းသပ်မှုများသည် သင်ရှိနေသမျှကာလပတ်လုံး တစ်စုံတစ်ရာ ထွက်ပေါ်လာမည်မဟုတ်ပေ။ သင်နှင့် ထိုဖိသ်နာများကြားတွင် ပိတ်ထားသောတံခါးတစ်ချပ် ရှိသည်။ ထိုတံခါးသည် (ချိုးဖျက်ခြင်းခံရရန် နီးကပ်လာပြီ။' အိုမရ် (ရဿွိယလ္လာဟုအန်ဟု)က "(အံ့ဩလျက်) ထိုတံခါးသည် ချိုးဖျက်ခြင်းခံရမည်လော။ အကယ်၍ ထိုတံခါးကို ဖွင့်လိုက်လျှင် ပြန်ပိတ်နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။ ထိုအခါ ဟုဇိုင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု) က ‘မဟုတ်ပါ၊ ချိုးဖျက်ခြင်းခံရမည်သာဖြစ်ပြီး၊ ထိုတံခါးသည် လူတစ်ဦးဖြစ်ပြီး (အိုမရ် (ရဿွလ္လာဟုအန်ဟု) အား ရည်ရွယ်ခြင်း) အသတ်ခံရမည် သို့မဟုတ် သေဆုံးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ကျွန်ုပ်ဖော်ပြခဲ့သော အကြောင်းအရာသည် မှန်ကန်တိကျသော သတင်းဖြစ်သည်။ ၎င်းသည် ဂျူး၊ ခရစ်ယာန်တို့၏ ကျမ်းစာရွက်များမှလည်း မဟုတ်၊ ပညာရှင်တစ်ပါး၏ ကိုယ်ပိုင်ဆင်ခြင်ယူဆချက်မှလည်း မဟုတ်ဘဲ၊ တမန်တော်မြတ် (ဆွလ္လာလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဟဒီးစ်တော်မှပင် ဖြစ်သည်။
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ သူဆင်းရဲအမျိုးသမ တစ်ဦးသည် သူမ၏ သမီးက လေးနှစ်ဦးကို ပွေ့ချီလျက် ကျွန်မထံ ရောက်လာခဲ့သည်။ ကျွန်မက သူမအား စွန်ပလွံသီးသုံးလုံးကျွေးခဲ့သည်။( စားရန်ရည်ရွယ်၍ ပေးခဲ့သည်။) သူမက စွန်ပလွံသီး တစ်လုံးစီကို သူမ၏ သမီးကလေး နှစ်ဦးအားပေးခဲ့ပြီး ကျန်တစ်လုံးကို မိမိကိုယ်တိုင် စားရန်ပါးစပ်သို့ ( လက်ကို )မြောက်ခဲ့သည်။ ထိုအချိန်တွင် သူမ၏သမီးကလေးနှစ်ဦးက ထိုစွန်ပလွံသီးအား ( စားလိုသည့်အနေဖြင့် )သူမထံ တောင်းခံကြသည်။ ထိုအခါ သူမကမိမိစားရန် ယူထားသော စွန်ပလွံသီးကို နှစ်ပိုင်းခွဲကာ ကလေးနှစ်ဦးကြား ခွဲဝေပေးလိုက်သည်။ သူမ၏ ဤလုပ်ရပ်သည် ကျွန်မအား အံ့သြစေခဲ့သည်။ ကျွန်မက သူမလုပ်ခဲ့သည့်လုပ်ရပ်ကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ တင်ပြခဲ့ရာ၊ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ဤသို့ မိန့်ကြားတော်မူခဲ့သည်- 'အလ္လာဟ်အရှင်မြတ်သည် သူမ၏ ဤလုပ်ရပ်ကြောင့် သူမအတွက် ဂျန္နတ်သုခဘုံကို ဝါဂျိဗ်အဖြစ်သတ်မှတ် (သေချာစေတော်မူ )ခဲ့သည်။ သို့မဟုတ် ဂျဟန္နမ်ငရဲမှ လွတ်မြောက်ခွင့် ပေးသနားတော်မူခဲ့သည်။
رواه مسلمမုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)မှ တင်ပြခဲ့သည်မှာ - "သူဆင်း ရဲအမျိုးသမီးတစ်ဦးသည် သူမ၏ သမီးကလေး နှစ်ဦးကို ပွေ့ချီလျက် ကျွန်မထံ ရောက်လာခဲ့သည်။ ကျွန်မက သူမအား စားရန် ရည်ရွယ်၍ စွန်ပလွံသီး သုံးလုံး ပေးခဲ့သည်။ သူမက သူမ၏သမီးကလေးနှစ်ဦးအား စွန်ပလွံသီးတစ်လုံးစီပေးခဲ့ပြီး ကျန်တစ်လုံးကို မိမိကိုယ်တိုင် စားရန်ပါးစပ်ဆီသို့ ယူလာခဲ့သည်။ ထိုအချိန်တွင် သူမ၏သမီးကလေးနှစ်ဦးက ထိုစွန်ပလွံသီးအား ( စားလိုသည့်အနေဖြင့် )သူမထံတောင်းခံကြသည်။ ထိုအခါ မိခင်က စွန်ပလွံသီးကို နှစ်ပိုင်းခွဲကာ ကလေးနှစ်ဦးကြား (ခွဲဝေပေးလိုက်သည်။)သူမ၏ ဤလုပ်ရပ်သည် အာအိရှဟ်သခင်မအား အံ့သြစေခဲ့သည်။ သခင်မက သူမလုပ်ခဲ့သည့်လုပ်ရပ်ကို တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ တင်ပြခဲ့ပြီးသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ဤသို့ မိန့်ကြားခဲ့သည်- အမှန်တကယ်ပင် အလ္လာဟ်အရှင်မြတ်သည် သူမ၏ ဤလုပ်ရပ်ကြောင့် သူမအတွက် ဂျန္နတ်သုခဘုံကို ဝါဂျိဗ်အဖြစ်သတ်မှတ် (သေချာစေတော်မူ )ခဲ့သည်။ သို့မဟုတ် ဂျဟန္နမ်ငရဲမှ လွတ်မြောက်ခွင့် ပေးသနားတော်မူခဲ့သည်။'