





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အဗူမူစာ အရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့သည် ကုရ်အာန်ကျမ်းမြတ်ကို စွဲမြဲစွာ ရွတ်ဖတ်ကြပါ။ အကြင်အရှင်၏ လက်တော်တွင် မုဟမ္မဒ်၏ အသက်ဝိညာဉ်ရှိပြီး ထိုအရှင်မြတ်အား တိုင်တည်၍ပြောမည် ကြိုးပြေ၍ ထွက်ပြေးသွားသည့် ကုလားအုတ်ထက် ကုရ်အာန်ကျမ်းမြတ်သည် ပိုမိုလျင်မြန်စွာ မေ့လျော့သွားတတ်သည်။
متفق عليهကုရ်အာန်ကျမ်းမြတ်ကို မိမိစိတ်နှလုံးသားထဲတွင် အလွတ်ကျက်မှတ်ပြီးနောက် ပြန်လည်မမေ့လျော့စေရန်အတွက် စွဲစွဲမြဲမြဲ ရွတ်ဖတ်နေရန် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤအချက်ကို ပို၍လေးနက်စေရန် ကျိန်ဆိုတော်မူကာ ကြိုးပြေ၍ ထွက်ပြေးသွားသည့် ကုလားအုတ်ထက်ပင် ကုရ်အာန်ကျမ်းမြတ်သည် ပို၍လျင်မြန်စွာ မေ့လျော့သွားတတ်ကြောင်း မိန့်ကြားခဲ့သည်။ ကြိုးဟူသည် ကုလားအုတ်၏ အရှေ့ခြေဒူခေါင်းနားတွင် ချည်နှောင်ထားသည့် ကြိုးကိုဆိုလိုသည်။ လူတစ်ဦးအနေဖြင့် ထိုကြိုးကို ချည်ထားပါက ကုလားအုတ်သည်ရှိနေမည်ဖြစ်ပြီး ဖြည်ထားလိုက်ပါက ထွက်သွားကာ ပျောက်ဆုံးသွားမည်ဖြစ်သည်။
အွတ်စ်မာန် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ သင်တို့အနက် ကုရ်အာန်ကျမ်းမြတ်အား သင်ယူပြီးနောက် သင်ကြားပေးသူသည် အမွန်မြတ်ဆုံးဖြစ်သည်။
رواه البخاريတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မွတ်စ်လင်မ်တို့အနက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် အမွန်မြတ်ဆုံးနှင့် အဆင့်အတန်းအမြင့်ဆုံးသူမှာ ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်ခြင်း၊ အာဂုံဆောင်ခြင်း၊ သရ်သီလ်နှင့်တကွ ဖတ်ခြင်း၊ ရပ်နားခြင်း၊ အကျယ်ဖွင့်ဆိုခြင်းတို့ကို သင်ယူကာ ကိုယ်တိုင်လိုက်နာကျင့်သုံးပြီး မိမိတတ်မြောက်ထားသည့် ကုရ်အာန်ကျမ်းမြတ်၏ အသိပညာများကို အခြားသူအား ပြန်လည်သင်ကြားပေးသူဖြစ်သည်။
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အသင်တို့သည် မိမိတို့၏အိမ်များကို ကဗရ်သင်္ချိုင်းများအဖြစ် မပြုလုပ်ကြလေနှင့်။ ဧကန်မုချ ရှိုင်သွာန်သည် စူရဟ်ဗကရဟ်ရွတ်ဖတ်သော အိမ်မှထွက်ပြေးသည်။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အိမ်များကို ဆွလာသ်ဆောက်တည်ခွင့်မရှိသော ကဗရ်သင်္ချိုင်းများသဖွယ် ဆွလာသ်ဝတ်မပြုဘဲနေခြင်းမှ တားမြစ်တော်မူခဲ့သည်။ ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှိုင်သွာန်သည် စူရဟ်ဗကရဟ် ရွတ်ဖတ်သည့်အိမ်မှ ထွက်ပြေးကြောင်း မိန့်ကြားတော်မူခဲ့သည်။
အဗူမတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို စူရဟ်ဗကရဟ်၏ နောက်ဆုံးနှစ်အာယသ်ကို ည၌ရွတ်ဖတ်လျှင် ၎င်းသူအတွက် လုံလောက်သွားပြီဖြစ်သည်။
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ - မည်သူမဆို စူရဟ်ဗကရဟ်၏ နောက်ဆုံးနှစ်အာယသ်ကို ည၌ရွတ်ဖတ်လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းသူအား ဘေးအန္တရာယ်များ၊ ဆိုးကျိုးများ၊ မနှစ်မြို့ဖွယ်ရာများမှ ကင်းဝေးစေရန် လုံလောက်တော်မူမည်ဖြစ်သည်။ ဟဒီးဆ်တော်၌ပါရှိသော လုံလောက်ပြီဟူသော စာသား၏ဆိုလိုရင်းကို အချို့သာသနာ့ပညာရှင်များက သဟဂျ်ဂျုဒ် ညဆွလာသ်အတွက် လုံလောက်သွားသည်ဟုလည်းကောင်း၊ အချို့က မိမိရွတ်ဖတ်လေ့ရှိသော ဇိကိရ်၊သိလာဝသ် စသည်တို့အတွက် လုံလောက်သွားသည်ဟုလည်းကောင်း၊ အချို့က သဟဂျ်ဂျုဒ် ညဆွလာသ် အထမြောက်စေရန်အတွက် အနိမ့်ဆုံး ဖတ်ရွတ်ရမည့် အတိုင်းအတာဖြစ်ကြောင်း စသည်ဖြင့် တင်ပြကြပြီး၊ အချို့ကလည်း အခြားအဆိုများကို တင်ပြကြသည်။ တင်ပြခဲ့သော အဆိုတိုင်းသည် ဟဒီးဆ်စာသား၏ အလိုသဘောတွင်ပါရှိသဖြင့် အားလုံးမှန်ကန်ပေသည်။
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်မှ အက္ခရာတစ်လုံးကို ရွတ်ဖတ်ခဲ့လျှင် ထိုသူသည် ကောင်းမှုတစ်ခု ရရှိမည်ဖြစ်သည်။ ကောင်းမှုတစ်ခုသည် ကောင်းမှုဆယ်ခုနှင့်ညီမျှသည်။ ငါကိုယ်တော်သည်(အလိဖ် လာမ် မီးမ်)ကို အက္ခရာတစ်လုံးဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်။ သို့သော် (အလိဖ်)သည် အက္ခရာတစ်လုံး (လာမ်)သည် အက္ခရာတစ်လုံး (မီးမ်)သည် အက္ခရာတစ်လုံးဖြစ်သည်။
رواه الترمذيတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်မှ အက္ခရာတစ်လုံးဖတ်ရွတ်သည့် မွတ်စ်လင်မ်တိုင်းသည် အက္ခရာတစ်လုံးစီတွင် ကောင်းမှုဆယ်ခုရရှိမည်ဖြစ်သည်။ ထိုကောင်းမှုသည် ၎င်းအတွက် အကျိုးကုသိုလ်ဆယ်ဆအထိ တိုးသွားမည် ဖြစ်သည်။ ထို့နောက် ကိုယ်တော်က ရှင်းပြသည်မှာ ငါကိုယ်တော်သည် [ (အလိဖ် လာမ် မီးမ်)ကို အက္ခရာတစ်လုံးဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်။ သို့သော် (အလိဖ်)သည် အက္ခရာတစ်လုံး (လာမ်)သည် အက္ခရာတစ်လုံး (မီးမ်)သည် အက္ခရာတစ်လုံးဖြစ်သည်။] ဤသို့ဖြင့် အက္ခရာသုံးလုံးအတွက် ကောင်းမှုသုံးဆယ်ရရှိမည်ဖြစ်သည်။
အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောကြားခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်အား အချိန်တိုင်း သတိရတသလျက်ရှိသည်။
رواه مسلمမုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)က ပြောပြသည်မှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်အား သတိရတသရန် အလွန်ပင် ဆန္ဒပြင်းပြသူဖြစ်ပြီး အလ္လာဟ်အရှင်မြတ်အား အချိန်တိုင်း၊ နေရာတိုင်း၊ အခြေအနေတိုင်းတွင် သတိရတသလျက်ရှိသည်။
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ အလ္လာဟ်အရှင်မြတ်က အမိန့်ရှိတော်မူသည် ငါအရှင်မြတ်သည် (ဆွလာသ်) စူရဟ် ဖာသိဟဟ်အား ငါအရှင်မြတ်နှင့် ငါအရှင်မြတ်၏ကျွန်ကြား၌ တစ်ဝက်စီခွဲထားတော်မူပြီး ငါအရှင်မြတ်၏ကျွန်သည် သူတောင်းခံသည့်အရာကို ရရှိမည်ဖြစ်သည်။ ငါအရှင်မြတ်၏ကျွန်က {الْحَمْدُ لِلهِ رَبِّ الْعَالَمِينَ} “ချီးမွမ်းခြင်းဟူသမျှသည် စကြာဝဠာအပေါင်းတို့ကို ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူပါသည်”ဟု ရွတ်ဆိုသောအခါ အလ္လာဟ်အရှင်မြတ်က ငါအရှင်၏ကျွန်သည် ငါအရှင်မြတ်အား ချီးမွမ်းနေသည်ဟု အမိန့်ရှိတော်မူ၏။ ၎င်းနောက် ကျွန်က {الرَّحْمَنِ الرَّحِيمِ} “အရှင်မြတ်သည်မပြတ်မစဲ သနားကြင်နာညှာတာတော်မူသော၊ အနန္တကရုဏာတော်ရှင်ဖြစ်တော်မူပေသည်”ဟု ရွတ်ဆိုသောအခါ အလ္လာဟ်အရှင်မြတ်က ငါအရှင်၏ကျွန်သည် ငါအရှင်မြတ်အား ချီးကျူးထောမနာပြုနေပေသည်ဟု အမိန့်ရှိတော်မူ၏။ ၎င်းကျွန်က {مَالِكِ يَوْمِ الدِّينِ} “ထိုအရှင်မြတ်သည် (ကောင်းကျိုး၊ ဆိုးကျိုး) အစားပေးတော်မူမည့်နေ့ကို အစိုးရတော်မူသောအရှင် ဖြစ်တော်မူပါသည်”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က ငါအရှင်၏ကျွန်သည် ငါအရှင်မြတ်၏ ကြီးကဲထွတ်မြတ်မှုကို ရွတ်ဆိုနေပေသည်ဟု အမိန့်ရှိတော်မူ၏။ တစ်ခါတစ်ရံတွင် ငါအရှင်၏ကျွန်သည် သူ၏အရေးကိစ္စများကို ငါအရှင်မြတ်ထံ လွှဲအပ်တော်မူလိုက်၏ဟု မိန့်ကြားတော်မူသည်။ ၎င်းကျွန်က {إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ} “ကျွန်တော်မျိုးတို့သည် အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ပါ၏။ ထို့ပြင်ကျွန်တော်မျိုးတို့သည် အရှင်မြတ်ထံတော်မှသာ ကူညီစောင်မမှု တောင်းခံပါ၏”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က ဤသည်ငါအရှင်မြတ်နှင့် ငါအရှင့်ကျွန်၏ကြား (တစ်ဝက်စီ)ဖြစ်ပေသည် ငါအရှင်မြတ်၏ကျွန်သည် သူတောင်းခံသည့်အရာကို ရရှိမည်ဖြစ်သည်ဟု အမိန့်ရှိတော်မူ၏။ ထိုအခါကျွန်က {اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ، صِرَاطَ الَّذِينَ أَنْعَمْتَ عَلَيْهِمْ غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلا الضَّالِّينَ} “ကျွန်တော်မျိုးတို့အား ဖြောင့်မတ်မှန်ကန်သောလမ်းကို ညွှန်ကြား ပြသတော်မူပါ။ အကြင်သူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးပြုတော်မူခဲ့ပါသည်။ (ထိုသူမွန်သူမြတ်တို့၏ တရားလမ်းကိုညွှန်ကြားပြသတော်မူပါ။) (ထိုသူမွန်သူမြတ်တို့သည်)အမျက်တော်စူးရှခြင်းခံရသူများလည်းမဟုတ်၊ လမ်းမှားသူများလည်းမဟုတ်ကြပါ”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က ဤအပိုဒ်များသည် ငါအရှင်မြတ်၏ကျွန်အတွက် သက်သက်သာဖြစ်သည်။ ငါအရှင်မြတ်၏ကျွန်တောင်းဆိုသည့်အရာကို ငါအရှင်ချီးမြှင့်တော်မူပြီဟု အမိန့်ရှိတော်မူသည်။
رواه مسلمတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်သည် ဟဒီးဆ် ကုဒ်ဆီ၌ မိန့်ကြားတော်မူထားသည်။ ငါအရှင်မြတ်သည် ဆွလာသ်၌ စူရဟ် ဖာသိဟဟ်အား ငါအရှင်မြတ်နှင့် ငါအရှင်မြတ်၏ကျွန်ကြား၌ တစ်ဝက်စီခွဲထားတော်မူရာ တစ်ဝက်သည် ငါအရှင်မြတ်အတွက်ဖြစ်ပြီး နောက်တစ်ဝက်သည် ငါအရှင်မြတ်၏ကျွန်အတွက်ဖြစ်သည်။ ပထမတစ်ဝက်သည် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောမနာပြုခြင်း၊ အရှင်မြတ်၏ ကြီးကဲထွတ်မြတ်မှုကို မြွက်ဟခြင်းတို့ဖြစ်ပြီး အရှင်မြတ်သည် ကျေးကျွန်အား ယင်းအစား အကောင်းဆုံးအစားကို ချီးမြှင့်တော်မူသည်။ ဒုတိယတစ်ဝက်မှာ ရိုကျိုးခြင်း၊ ဆုတောင်းခြင်းတို့ဖြစ်ပြီး အရှင်မြတ်သည် သူ၏ တောင်းဆုကို လက်ခံတော်မူပြီး သူတောင်းခံသည့်အရာကို ချီးမြှင့်တော်မူသည်။ ဆွလာသ်ဝတ်ပြုသူက {الْحَمْدُ لِلهِ رَبِّ الْعَالَمِينَ} “ချီးမွမ်းခြင်းဟူသမျှသည် စကြာဝဠာအပေါင်းတို့ကို ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ်အဖို့သာဖြစ်တော်မူပါသည်”ဟု ရွတ်ဆိုသောအခါ အလ္လာဟ်အရှင်မြတ်က ငါအရှင်၏ကျွန်သည် ငါအရှင်မြတ်အား ချီးမွမ်းနေသည်ဟု အမိန့်ရှိတော်မူ၏။ ၎င်းနောက် ဆွလာသ်ဝတ်ပြုသူက {الرَّحْمَنِ الرَّحِيمِ} “အရှင်မြတ်သည်မပြတ်မစဲ သနားကြင်နာညှာတာတော်မူသော၊ အနန္တကရုဏာတော်ရှင်ဖြစ်တော်မူပေသည်”ဟု ရွတ်ဆိုသောအခါ အလ္လာဟ်အရှင်မြတ်က ငါအရှင်၏ကျွန်သည် ငါအရှင်အား ချီးကျူးထောမနာပြုနေသည်။ ငါအရှင်မြတ်၏ အဖန်ဆင်းခံများအပေါ်တွင်ရှိသော အလုံးစုံသော ကျေးဇူးများကို ငါအရှင်မြတ်သာ ချီးမြှင့်ထားကြောင်း ငါအရှင်၏ကျွန်က ဝန်ခံနေသည်ဟု အမိန့်ရှိတော်မူ၏။ ၎င်းကျွန်က {مَالِكِ يَوْمِ الدِّينِ} “ထိုအရှင်မြတ်သည် (ကောင်းကျိုး၊ ဆိုးကျိုး) အစားပေးတော်မူမည့်နေ့ကို အစိုးရတော်မူသောအရှင် ဖြစ်တော်မူပါသည်”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က ငါအရှင်၏ကျွန်သည် ငါအရှင်မြတ်၏ အလွန့်အလွန်ကြီးကဲထွတ်မြတ်မှုကို ရွတ်ဆိုနေပေသည်ဟု အမိန့်ရှိတော်မူ၏။ ၎င်းကျွန်က {إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ} “ကျွန်တော်မျိုးတို့သည် အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ပါ၏။ ထို့ပြင်ကျွန်တော်မျိုးတို့သည် အရှင်မြတ်ထံတော်မှသာ ကူညီစောင်မမှု တောင်းခံပါ၏”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က ဤသည်ငါအရှင်မြတ်နှင့် ငါအရှင့်ကျွန်၏ကြား (တစ်ဝက်စီ)ဖြစ်ပေသည်ဟုအမိန့်ရှိတော်မူ၏။ ဤအာယသ်တော်၏ ပထမတစ်ဝက်ဖြစ်သည့် {إِيَّاكَ نَعْبُدُ }သည် အလ္လာဟ်အရှင်မြတ်အတွက်ဖြစ်သည်။ ဤသည် အလ္လာဟ်အရှင်မြတ်သာလျှင် ကိုးကွယ်ထိုက်သော အရှင်ဖြစ်ကြောင်း ဝန်ခံခြင်းနှင့် အရှင်မြတ်အား ခဝပ်ကိုးကွယ်ကာ ထိုဝန်ခံမှုကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။ ဤတွင် အလ္လာဟ်အရှင်မြတ်အတွက်ဖြစ်တော်မူသည့် ပထမ တစ်ဝက် ပြီးဆုံးသွားပြီဖြစ်သည်။ အာယသ်တော်၏ ဒုတိယတစ်ဝက်ဖြစ်သည့် {وَإِيَّاكَ نَسْتَعِينُ}သည် ကျေးကျွန်အတွက်ဖြစ်သည်။ ဤသည် အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ အကူအညီတောင်းခံခြင်းဖြစ်ပြီး အရှင်မြတ်က ထိုကျေးကျွန်အား ကူညီရန် ကတိပြုတော်မူခဲ့သည်။ ထိုအခါ ကျွန်က {اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ، صِرَاطَ الَّذِينَ أَنْعَمْتَ عَلَيْهِمْ غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلا الضَّالِّينَ} “ကျွန်တော်မျိုးတို့အား ဖြောင့်မတ်မှန်ကန်သောလမ်းကို ညွှန်ကြား ပြသတော်မူပါ။ *အကြင်သူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးပြုတော်မူခဲ့ပါသည်။ (ထိုသူမွန်သူမြတ်တို့၏ တရားလမ်းကိုညွှန်ကြားပြသတော်မူပါ။) (ထိုသူမွန်သူမြတ်တို့သည်)အမျက်တော်စူးရှခြင်းခံရသူများလည်းမဟုတ်၊ လမ်းမှားသူများလည်းမဟုတ်ကြပါ”ဟု ရွတ်ဆိုသောအခါ အရှင်မြတ်က ဤသည် ငါအရှင်မြတ်၏ကျွန်က ရိုကျိုးစွာဖြင့်ဆုတောင်းနေခြင်းဖြစ်ပြီး ငါအရှင်မြတ်၏ကျွန်တောင်းဆိုသည့်အရာကို ငါအရှင်ချီးမြှင့်တော်မူပြီ၊ ၎င်း၏ တောင်းဆုကို လက်ခံတော်မူလိုက်ပြီဟု အမိန့်ရှိတော်မူသည်။
အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ အနောက်အရပ်မှ နေမထွက်မချင်း ကိယာမသ် ဖြစ်မည်မဟုတ်ပေ။ အနောက်အရပ်မှနေထွက်သောအခါ ၎င်းကိုလူတို့တွေ့မြင်ကြမည်ဖြစ်ပြီး အားလုံးအီမာန်သက်ဝင်ယုံကြည်လာကြလိမ့်မည်။ ထိုအချိန်သည် (ရှေးဦးမဆွက အီမာန်ယုံကြည်မှုမရှိခဲ့သောသူကိုသော်လည်းကောင်း၊ မိမိယုံကြည်မှုနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ ကောင်းမှုပြုခဲ့ခြင်း မရှိသောသူကိုသော်လည်းကောင်း၊ ထိုသူ၏ ယုံကြည်မှုသည် အကျိုးကျေးဇူး ဖြစ်ထွန်းစေမည်မဟုတ်ပေ။) (ကုရ်အာန် ၆:၁၅၈) ဟုဆိုထားသော အချိန်ပင်ဖြစ်သည်။ လူနှစ်ယောက်သည် မိမိတို့ကြား၌ မိမိတို့၏ အဝတ်အထည်ကို ဖြန့်ကာ အရောင်းအဝယ် မလုပ်ရသေးခင်၊ ၎င်းအဝတ်ကို မခေါက်ရသေးခင် ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။ လူတစ်ဦးသည်မိမိကုလားအုတ်မှ နို့ညှစ်ပြီး ပြန်သွားခဲ့ရာ ၎င်းနို့ကိုမသောက်မီ ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။ ၎င်းသည် မိမိရေကန်(၏အက်ကွဲကြောင်းများကို)ဖာထေးပြီး(ရေဖြည့်၍) မိမိ၏တိရစ္ဆာန်ကို ရေမတိုက်ရသေးမီအလျင် ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။ အသင်တို့အနက်မှ တစ်ဦးတစ်ယောက်သည် ထမင်းလုတ်ကိုမြှောက်ပြီး ပါးစပ်ထဲမသွင်းရသေးမီအလျင် ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။
متفق عليهအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကိယာမသ်၏နိမိတ်လက္ခဏာကြီးများနှင့်ပတ်သက်၍ မိန့်ကြားတော်မူခဲ့သည်။ ၎င်းတို့မှာ နေသည်အရှေ့အရပ်မှ ထွက်ရမည့်အစား အနောက်အရပ်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုအခြင်းအရာကို လူတို့မြင်တွေ့ကြပြီးနောက် အားလုံးအီမာန်သက်ဝင်ယုံကြည်ကြမည်ဖြစ်သည်။ သို့သော် ထိုအချိန်တွင် ကာဖိရ်၏ အီမာန်သက်ဝင်ယုံကြည်မှုသည်လည်းကောင်း၊ အမလ်ကောင်းမှုများ ဆောင်ရွက်ခြင်းသည်လည်းကောင်း၊ သောင်ဗဟ် အမှားဝန်ချတောင်းပန်ခြင်းသည်လည်းကောင်း အကျိုးဖြစ်ထွန်းမည်မဟုတ်ပေ။ ၎င်းနောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဆက်လက် မိန့်ကြားတော်မူသည်မှာ လူတို့သည် မိမိတို့၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်လျက်ရှိနေစဥ် ကိယာမသ်သည် ရုတ်တရက် ဆိုက်ရောက်လာမည်ဖြစ်သည်။ အရောင်းအဝယ်ပြုသူ နှစ်ဦးသည် မိမိတို့ကြား၌ မိမိတို့၏ အဝတ်အထည်ကိုဖြန့်ကာ အရောင်းအဝယ် မပြုရသေးမီ၊ ၎င်းအဝတ်ကို မခေါက်ရသေးမီအလျင် ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။ လူတစ်ဦးသည်မိမိကုလားအုတ်မကို နို့ညှစ်ပြီး ၎င်းနို့ကိုမသောက်မီအလျင် ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။ လူတစ်ဦးသည် မိမိရေကန်ကို ပြန်လည်ပြုပြင်ဖာထေးပြီးရေဖြည့်၍ မိမိ၏တိရစ္ဆာန်ကိုရေမတိုက်ရသေးမီအလျင် ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။ ထို့အတူ လူတစ်ဦးသည် ထမင်းစားရန် ထမင်းလုတ်ကိုမြှောက်ပြီး မစားရသေးမီအလျင် ကိယာမသ်ဖြစ်သွားမည်ဖြစ်သည်။
အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ သေခြင်းတရားသည် အနက်ရောင်အမွေးအနည်းငယ်ပါရှိသော သိုးဖြူတစ်ကောင်၏အသွင်သဏ္ဍာန်ဖြင့်ယူဆောင်လာခြင်းခံရမည်။ ၎င်းနောက် ကြေညာသူတစ်ဦးက ကြေညာမည်မှာ အို ဂျန္နသ်သုခဘုံသားတို့၊ ၎င်းတို့ကခေါင်းထောင်ပြီးကြည့်ကြမည်။ ထိုအခါ၎င်းက ဤအရာကိုအသင်တို့သိကြလေသလောဟုမေးလိမ့်မည်။ ၎င်းတို့ကဟုတ်ကဲ့ ဤအရာသည် သေခြင်းတရားဖြစ်ပါသည်ဟု အဖြေပေးကြမည်။ ၎င်းတို့အားလုံးသည် ထိုသေခြင်းတရားအား (သိရှိ)မြင်တွေ့ခဲ့ကြပြီးဖြစ်မည်။ ထို့နောက်၎င်းက ကြေညာမည်မှာ အို-ငရဲသားအပေါင်းတို့ ၎င်းတို့ကခေါင်းထောင်ကြည့်ကြမည်။ ထိုအခါ၎င်းက ဤအရာကိုအသင်တို့သိကြလေသလောဟု မေးလိမ့်မည်။ ၎င်းတို့က ဟုတ်ကဲ့၊ ဤအရာသည် သေခြင်းတရားဖြစ်ပါသည်ဟု အဖြေပေးကြမည်။ ၎င်းတို့အားလုံးသည် ထိုသေခြင်းတရားအား(သိရှိ)မြင်တွေ့ခဲ့ကြပြီးဖြစ်မည်။ ထိုအခါသေခြင်းတရားသည်(သိုးပုံစံနှင့်) လည်လှီးခြင်းခံလိုက်ရမည်။ထို့နောက် ကြေညာသူကပြောမည်မှာ အို-ဂျန္နသ်သုခဘုံသားတို့ သေခြင်းတရားမရှိတော့သည့်ထာဝရ(အကျိုး)ကိုခံစားကြကုန်။ တဖန်အို-ဂျဟန္နမ်ငရဲသားတို့ သေခြင်းတရားမရှိတော့သည့် ထာဝရ(ဒုက္ခ)ကို ခံစားကြကုန်။ ထို့နောက် ကိုယ်တော်မြတ်သည် (ဤအာယသ်တော်အား)ဖတ်ရွတ်တော်မူခဲ့သည်။ (၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား အမှန်စင်စစ် ၎င်းတို့သည် အလေးမမူ ဂရုမစိုက်ဘဲရှိနေကြပေရာ အကြင်ဝမ်းနည်းကြေကွဲရမည့်နေ့နှင့် စပ်လျဉ်း၍ သတိပေးနှိုးဆော်ပါလေ။ ယခုအခါ သူတို့သည်မေ့လျော့ပေါ့ဆ၍နေကြ၏။ထိုနေ့တွင် အမှုကိစ္စအဝဝသည် (နောက်ဆုံးအနေဖြင့်) စီရင်ဆုံးဖြတ်ပြီး ဖြစ်အံ့သတည်း။) ကုရ်အာန် (၁၉း၃၉) ထိုသို့မေ့လျော့မှု၌ ရှိနေကြသူတို့သည် လောကီသမားများပင် ဖြစ်ကြပေသည်။ (ထို့အပြင် ၎င်းတို့သည် မယုံကြည်ကြချေ။) ကုရ်အာန် (၁၉း၃၉)
متفق عليهတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်မှာ ကိယာမသ်နေ့တွင် သေခြင်းတရားအား အနက်ရောင်နှင့် အဖြူရောင်အမွေးပါရှိသော သိုးထီးတစ်ကောင်ပုံစံဖြင့် ယူဆောင်လာမည်ဖြစ်သည်။ ၎င်းနောက် အို ဂျန္နသ်သုခဘုံသားတို့ ဟု ခေါ်လိုက်သည့်အခါ ၎င်းတို့က လည်ဂုတ်ကိုစန့်၍ ခေါင်းထောင်ကာ ကြည့်ရှုကြလိမ့်မည်။ ထိုအခါ အသင်တို့ ဤသိုးကို သိကြလေသလောဟုမေးမြန်းလိမ့်မည်။ ၎င်းတို့က ဟုတ်ကဲ့၊ ဤအရာသည်သေခြင်းတရားဖြစ်ပါသည်ဟု ဖြေကြားကြမည်။ ၎င်းတို့အားလုံးသည် ထိုသေခြင်းတရားအားသိရှိမြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။ ထို့နောက် ကြေညာသူတစ်ဦးက ကြေညာမည်မှာ ၎င်းက အို-ငရဲသားအပေါင်းတို့၊ ၎င်းတို့က လည်ဂုတ်ကိုစန့်၍ ခေါင်းထောင်ကာ ကြည့်ရှုကြလိမ့်မည်။ ထိုအခါ အသင်တို့ ဤသိုးကိုအသင်တို့သိကြလေသလောဟု မေးမြန်းလိမ့်မည်။ ၎င်းတို့က ဟုတ်ကဲ့၊ ဤအရာသည်သေခြင်းတရားဖြစ်ပါသည်ဟု ဖြေကြားကြမည်။ ၎င်းတို့အားလုံးသည် ထိုသေခြင်းတရားအားသိရှိမြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။ ထိုအခါ သေခြင်းတရားသည် (သိုးပုံစံနှင့်) လည်လှီးခြင်းခံလိုက်ရမည်။ ထို့နောက်ကြေညာသူက အို-ဂျန္နသ်သုခဘုံသားတို့၊ သေဆုံးခြင်း မရှိတော့ဘဲ ဂျန္နသ်၌အမြဲထာဝရ နေထိုင်ကြလော့။ အို-ငရဲဘုံသားတို့၊ သေဆုံးခြင်း မရှိတော့ဘဲ ဂျဟန္နမ်ငရဲ၌ အမြဲထာဝရနေထိုင်ကြလော့ဟု ကြေညာမည်ဖြစ်သည်။ ဤသည် မုအ်မင်န်တို့အတွက် နိအ်မသ်စည်းစိမ်များ ပို၍များပြားစေရန်နှင့် ကာဖိရ်တို့အတွက် အဇာဗ်ပြစ်ဒဏ် ပို၍ပြင်းထန်စေရန်အတွက်ဖြစ်သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဤအာယသ်တော်အား ဖတ်ရွတ်တော်မူသည်။ (၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား အကြင်ဝမ်းနည်းကြေကွဲရမည့်နေ့နှင့် စပ်လျဉ်း၍ သတိပေးနှိုးဆော်ပါလေ။ ထိုနေ့တွင် အမှုကိစ္စအဝဝသည် (နောက်ဆုံးအနေဖြင့်) စီရင်ဆုံးဖြတ်ပြီး ဖြစ်အံ့သတည်း။ ယခုအခါ သူတို့သည်မေ့လျော့ပေါ့ဆ၍နေကြ၏။ ထို့အပြင် ၎င်းတို့သည် မယုံကြည်ကြချေ။) ကုရ်အာန် (၁၉း၃၉) ကိယာမသ်နေ့တွင် ဂျန္နသ်သုခဘုံသားများနှင့် ငရဲဘုံသားများကို ခွဲခြားလိုက်မည်ဖြစ်ပြီး လူတိုင်းသည် မိမိရောက်ရှိမည့်နေရာဌာနသို့ ဝင်ရောက်ကာ ထာဝရနေထိုင်ရမည်ဖြစ်သည်။ မကောင်းမှုကျူးလွန်သူသည် ကောင်းမှုများမလုပ်ခဲ့သည့်အတွက် နောင်တရမည်ဖြစ်ပြီး ကောင်းမှုကုသိုလ် နည်းပါးသူသည်လည်း ကောင်းမှုကုသိုလ်မြားမြောင်စွာမပြုခဲ့သည့်အတွက် နောင်တရမည်ဖြစ်သည်။