





























Hadeeth Cards
Da'wa cards that highlight great meanings from the noble prophetic hadiths in a simple style and attractive display that helps the Muslim to have a deeper understanding of his religion in an easy way
All
အိယာဿ်ွ ဗင်န် ဟိမာရ်ဗနီမုဂျာရှီအီ (ရဿွိယလ္လာဟုအန်ဟု) မှ ဆင့်ပြန်ခဲ့သည်။ ၎င်းက ပြောပြခဲ့သည် တစ်ရက်တွင် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်တို့အလယ်၌ ထရပ်လျက် မိန့်ခွန်းပြောကြားတော်မူခဲ့သည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည်။ - ထို့နောက် ဤဟဒီးဆ်ကို ဆင့်ပြန်ခဲ့ရာတွင် ဤသို့ပါရှိသည်- “မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် ငါကိုယ်တော်ထံသို့ ဝဟီအမိန့်တော်ချမှတ်တော်မူခဲ့သည်။ (အမိန့်တော်မှာ) သင်တို့သည် နှိမ့်ချယို့ကျိုးကြလော့။ ထိုသို့အားဖြင့် တစ်ဦးကိုတစ်ဦး မောက်မာခြင်း၊ ထောင်လွှားခြင်း မရှိစေရ။ ထို့ပြင် တစ်ဦးကိုတစ်ဦး မတရားကျူးလွန်ခြင်းလည်း မရှိစေရ။"
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် မိမိ၏တပည့်သာဝကတို့ အလယ်၌ ထရပ်လျက် မိန့်ခွန်းပြောကြားတော်မူခဲ့သည်။ ကိုယ်တော်မိန့်ကြားခဲ့သည် မိန့်ခွန်းအနက်မှ တစ်စိတ်တစ်ပိုင်းမှာ- ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် ကိုယ်တော့်ထံသို့ ဝဟီအမိန့်တော်ချမှတ်တော်မူခဲ့သည်။ ၎င်းအမိန့်တော်မှာ လူသားတို့သည် အချင်းချင်းကြား တစ်ဦးနှင့်တစ်ဦး နှိမ့်ချရမည်ဖြစ်သည်။ ယင်းမှာ လူတို့အား မိမိကိုယ်မိမိချိုးနှိမ်၍ နူးညံ့ပျော့ပြောင်းစွာ ဆက်ဆံခြင်း ဖြစ်သည်။ ဤသို့ဖြင့် မိမိ၏မျိုးရိုး၊ ဥစ္စာဓန သို့မဟုတ် အခြားအရာတို့ဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ အခြားသူတစ်ဦးအပေါ် မောက်မာစွာ ဝါကြွားခြင်း၊ ကြီးကျယ်မှုကို ထုတ်ဖော်ကြွေးကြော်ခြင်း မပြုရန်၊ ထို့အပြင် မည်သူတစ်ဦးတစ်ယောက်မျှ အခြားသူတစ်ဦးအပေါ် မတရားမှု ကျူးလွန်ခြင်း မပြုရန်ဖြစ်သည်။
တမန်တော်မြတ်( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် )၏ ဇနီးကြင်ယာတော်၊ မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။တမန်တော်မြတ်( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ် ) မိန့်ကြားတော်မူခဲ့သည်မှာ - အို- အာအိရှာဟ် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်နူးညံ့သိမ်မွေ့တော်မူသော အရှင်ဖြစ်တော်မူ၍ နူးညံ့သိမ့်မွေ့မှုကို နှစ်သက်တော်မူသည်။ နူးညံ့သိမ်မွေ့မှုအပေါ်ချီးမြှင့်ထားသည့် အကျိုးကုသိုလ်အား ခက်ထန်ကြမ်းတမ်းမှုနှင့် အခြားမည်သည့်အရာအတွက်မျှ ထိုကဲ့သို့ချီးမြှင့်ထားခြင်မျိုး မရှိပေ။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မုအ်မင်န်တို့၏ မိခင်မွန်ကြီး အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) သခင်မအား နူးညံ့သိမ်မွေ့စွာဆက်ဆံရန် တိုက်တွန်းနှိုးဆော်တော်မူခဲ့သည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျွန်များအပေါ် အလွန်သိမ်မွေ့နူးညံ့တော်မူ၍ သူတို့အတွက် လွယ်ကူချောင်ချိမှုကို လိုလားတော်မူပြီး ခက်ခဲမှုကို လိုလားတော်မမူပေ။ သူတို့ တတ်စွမ်းနိုင်သည်ထက် ပို၍ တာဝန်ပေးအပ်တော်မမူပေ။ ထို့ပြင် မိမိ၏ ဗန္ဒဟ်ကျေးကျွန်သည် နူးညံ့သိမ်မွေ့မှု၊ လွယ်ကူချောင်ချိသောနည်းလမ်းကို ကိုင်တွယ်လိုက်နာမှုတို့နှင့် ပြည့်စုံစေလိုတော်မူ၍ ကြမ်းတမ်းခက်ထန်သူ မဖြစ်စေလိုပါ။ အလ္လာဟ်အရှင်မြတ်သည် ဤလောကီဘဝ၌ နူးညံ့သိမ်မွေ့မှုနှင့် ကြင်နာမှုအပေါ် ချီးမွမ်းခြင်း၊ လိုရာဆန္ဒများပြည့်ဝခြင်းနှင့် ရည်မှန်းချက်များတွင် လွယ်ကူမှုကဲ့သို့သော ကောင်းချီးများကို ချီးမြှင့်ပေးတော်မူသည်။ နောင်တမလွန်ဘဝတွင်လည်း အရှင်မြတ်သည် ထိုသို့သောသူအား ကြီးမားသောအကျိုးဆုလာဘ်ကို ချီးမြှင့်တော်မူမည်ဖြစ်ပြီး ထိုသို့သောဆုလာဘ်ကို ခက်ထန်ကြမ်းတမ်းမှုပေါ် ချီးမြှင့်တော်မူခြင်း မရှိပေ။ အဘယ့်ကြောင့်ဆိုသော် နူးညံ့သိမ်မွေ့မှုဖြင့် ရရှိသောအကျိုးကျေးဇူးများကို အခြားသောအရာများဖြင့် ရယူ၍မရနိုင်သောကြောင့်ပင် ဖြစ်သည်။
ဇိုင်ဒ် ဗင်န် အရ်ကမ် ( ရဿွိယလ္လာဟုအန်ဟု) ထံမှဆင့်ပြန်လာရှိသည်။ ၎င်းက ပြောကြားခဲ့သည်မှာ- တမန်တော် မြတ် ( ဆွလ္လ လ္လာဟုအလိုင်ဝစလ္လမ်) ရွတ်ဖတ်တော်မူလေ့ရှိသော ( ဒုအာကိုသာ ) အသင်တို့အား ကျွန်ုပ်ပြောပြပါမည်။ ကိုယ်တော်သည် ဤဒုအာကို အမြဲရွတ်ဖတ်တော်မူလေ့ရှိသည်။ အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် မစွမ်းဆောင် နိုင်ခြင်း၊ ပျင်းရိခြင်း၊ သူရဲဘော ကြောင်ခြင်း၊ စေးနှဲတွန့်တိုခြင်း၊ အိုမင်းရင့်ရော်ခြင်းနှင့် ကဗရ် ရဲ့အဇာဗ်ပြစ်ဒဏ်တို့မှ အရှင်မြတ်ထံခိုလှုံပါ၏။အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ စိတ်ဝိညာဉ်အား ၎င်းတွင်ရှိရမည့် သက္ကဝါအကြောက်တရားကို ပေးသနားတော်မူပါ။ ထို့ပြင် ထိုစိတ်ဝိညာဉ်အား သန့်ရှင်းစင်ကြယ်စေတော်မူပါ။ အရှင်မြတ်သည် ထိုစိတ်ဝိညာဉ်ကိုအကောင်းဆုံး သန့်ရှင်းစင်ကြယ်စေတော်မူသောအရှင်ဖြစ်ပါသည်။ အရှင်မြတ်သည်သာ ထိုစိတ်ဝိညာဉ်ကို အုပ်ထိန်းတော်မူသည့်အရှင်၊ ကာကွယ်ပေးတာ်မူသည့် အရှင်ဖြစ်ပါသည်။အို အလ္လာဟ်အရှင်မြတ် ကျွန်တာ်မျိုးသည် အကျိုးမပြုသော ပညာ၊ ကြောက်ရွံ့မှုမရှိသော နှလုံးသား၊ ( ရလေလိုလေ ) ပြည့်ဝခြင်းမရှိသော စိတ်နှင့် လက်ခံခြင်းမခံရသော တောင်းဆုဒုအာတို့မှ အရှင်မြတ်ထံခိုလှုံမှုပြုပါ၏။
رواه مسلمတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစ်လ္လမ်) ၏တောင်းဆုဒုအာများအနက်တစ်ပုဒ်မှာ "အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် အရှင်မြတ် ခိုလှုံပါ၏" (တစ်နည်း) အရှင်မြတ်ဘက်သို့ လှည့်ပါ၏၊ "မစွမ်းဆောင်နိုင်ခြင်းမှ" အကျိုးရှိသောနည်းလမ်းရှာဖွေနိုင်သည့် စွမ်းအား မရှိခြင်းမှ "ပျင်းရိခြင်းမှ" လုပ်ဆောင်လိုစိတ်မရှိခြင်းမှ မတတ်စွမ်းနိုင်သူသည် နည်းလမ်းရှာတတ်သူ မဖြစ်နိုင်ပါ။ ပျင်းရိသူမှာမူ ယင်းကိုလိုလားခြင်း မရှိပေ။ "သူရဲဘောကြောင်ခြင်းမှ" လုပ်သင့်သည့်အရာကိုရဲဝံ့စွာ မလုပ်ဆောင်နိုင်ခြင်းမှ "စေးနှဲတွန့်တိုခြင်းမှ" ပေးကမ်းသင့်သည်ကိုပိတ်ပင်ခြင်းမှ "အိုမင်းရင့်ရော်ခြင်းမှ" ကိုယ်ခန္ဓာအားနည်းစေသည့် အသက်အရွယ်ကြီးရင့်ခြင်းမှ "ကဗရ်၏အဇားဗ်ပြစ်ဒဏ်မှ" ထိုပြစ်ဒဏ်ကို ဖြစ်စေသည့် အကြောင်းရင်းများမှ။ "အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ နဖ်စ် (စိတ်နှလုံးသား) ကို ပေးသနားတော်မူပါ" ၎င်းအား ချီးမြှင့်ပေးသနားတော်မူပါ၊ စွမ်းအားပေးတော်မူပါ။ "၎င်း၏ သက္ကဝါတရားအား (အရှင်မြတ်အား ကြောက်ရွံ့ရိုသေခြင်း) အတွက်" ဆိုလိုသည်မှာကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်းနှင့် အပြစ်မှ ရှောင်ကြဉ်ခြင်းအတွက်၊ "ထို့နောက် ၎င်းကို စင်ကြယ်စေတော်မူပါ" ယုတ်ညံ့သောအကျင့်စရိုက်များမှ သန့်ရှင်းစေတော်မူပါ၊ "အရှင်မြတ်သည် ထိုစိတ်နှလုံးသားကို အကောင်းဆုံးစင်ကြယ်စေတော်မူသော အရှင်ဖြစ်သည်။ အရှင်မြတ်မှလွဲ၍ ထိုစိတ်နှလုံးသားကို စင်ကြယ်စေနိုင်သူဟူ၍ အခြားမရှိပါ၊ "အရှင်မြတ်သည် ထိုစိတ်နှလုံးသား၏ အကူအညီပေးသူ ဖြစ်တော်မူ၏" ယင်းအား ကူညီသူနှင့် ထိန်းသိမ်းစောင့်ရှောက်သူဖြစ်တော်မူသည်။ " ထိုစိတ်နှလုံးသား၏ အရှင်သခင်ဖြစ်တော်မူ၏" ယင်းစိတ်နှလုံးသား၏ ကိစ္စရပ်များကို စီမံခန့်ခွဲသူ၊ ဖန်ဆင်းသူ ၊ စိုးပိုင်သူ နှင့် ကျေးဇူးပြုတော်မူသူဖြစ်၏။ "အို-အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် အကျိုးမပြုသော ပညာမှ အရှင်မြတ်ထံ ခိုလှုံပါ၏" ဥပမာ- နက္ခဗေဒပညာ၊ ဗေဒင်ဟောခြင်းနှင့် မှော်ပယောဂပညာကဲ့သို့သော ပညာများမှ သို့မဟုတ် တမလွန်ဘဝတွင် အကျိုးမပြုသော ပညာမှ၊ သို့မဟုတ် လက်တွေ့ကျင့်သုံးခြင်းမရှိသော ပညာမျိုးမှ (အရှင်မြတ်ထံ ခိုလှုံပါ၏။) " (အရှင်မြတ်အား) ကြောက်ရွံ့မှုမရှိသော စိတ်နှလုံးမှ" ခယရိုကျိုးမှုမရှိခြင်း၊ မငြိမ်းချမ်းခြင်း၊ အရှင်မြတ်၏ဇိကိရ် (သတိရတသခြင်း)ဖြင့် စိတ်နှလုံးတည်ငြိမ်အေးချမ်းမှု မရှိခြင်းတို့မှ (အရှင်မြတ်ထံ ခိုလှုံပါ၏။) "မည်သည့်အခါမျှ မဝသော စိတ်နှလုံးသားမှ (အလိုဆန္ဒမပြည့်ဝခြင်းမှ)" အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားတော်မူသော ဟလာလ်သန့်ရှင်းစင်ကြယ်သော ရိက္ခာကို ကျေနပ်မှုမရှိသော စိတ်နှလုံးသားမှ၊ " လက်ခံခြင်းမခံရသော ဆုတောင်းဒုအာမှ"။
အလီ (ရဿွိယလ္လာဟုအန်ဟု) ထံမှ ဆင့်ပြန်ခဲ့သည်။ ၎င်းထံသို့ မိမိ၏လွတ်မြောက်ရေးအတွက် ငွေပေးချေရန် စာချုပ်ချုပ်ဆိုထားသော ကျွန်တစ်ဦးသည် လာရောက်၍ "ကျွန်ုပ်၏ ငွေပေးချေမှုစာချုပ်ကို ဆက်လက်ပေးဆပ်ရန် မတတ်စွမ်းနိုင်တော့ပါ။ သို့ပါ၍ ကျွန်ုပ်အား ကူညီပါ။" ဟု လျှောက်ထားခဲ့သည်။ ထိုအခါ အလီ(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်ုပ်အား သင်ပေးတော်မူခဲ့သော စကားလုံးအချို့ကို သင်အား သင်ကြားပေးရမည်လော။ အကယ်၍ သင့်၌ စွိုင်ရ်တောင်လောက်ကြီးသော ကြွေးမြီရှိခဲ့လျှင်လည်း အလ္လာဟ်အရှင်မြတ်သည် သင့်အတွက် ၎င်းကို ဖြေရှင်းပေးတော်မူလိမ့်မည်။ အလီ(ရဿွိယလ္လာဟုအန်ဟု)က မိန့်ကြားသည်မှာ- အသင် ဤသို့ ရွတ်ဆိုပါ- اللَّهُمَّ اكْفِنِي بِحَلاَلِكَ عَنْ حَرَامِكَ، وَأَغْنِنِي بِفَضْلِكَ عَمَّنْ سِوَاكَ (အဓိပ္ပာယ်) "အို- အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ် ခွင့်ပြုတော်မူအပ်သောအရာ(ဟလာလ်)ဖြင့် အရှင်မြတ် တားမြစ်တော်မူအပ်သောအရာ(ဟရာမ်)မှ ကျွန်တော်မျိုးကို လုံလောက်စေတော်မူပါ၊ အရှင်မြတ်၏ ကျေးဇူးတော်ဖြင့် အရှင်မြတ်မှတစ်ပါး အခြားသူများထံမှ ကင်းလွတ်၍ ကြွယ်ဝချမ်းသာစေတော်မူပါ”။
رواه الترمذيလူတစ်ဦးသည် အမီးရုလ်မုအ်မိနီးန် အလီဘင်န်အဘီသွာလိဗ် (ရဿွိယလ္လာဟုအန်ဟု) ထံသို့ ကျွန်အဖြစ်ရောက်ရှိလာ၏။ ထိုသူသည် မိမိသခင်၏နှင့် လွတ်မြောက်ရေးစာချုပ် ချုပ်ဆိုထားပြီး မိမိကိုယ်ကို ဝယ်ယူကာ လွတ်မြောက်စေရန် သဘောတူထားသော်လည်း ၎င်း၌ ငွေကြေးမရှိချေ။ ထိုအခါ သူက ပြောလေ၏- ကျွန်ုပ်သည် ကျွန်ုပ်အပေါ်၌ရှိသော ပေးဆပ်ရန်ကျန်ရှိသည့် ပမာဏကို ဆပ်နိုင်တော့မည် မဟုတ်ပါ။ ထို့ကြောင့် အသင်သည် ကျွန်ုပ်အား ငွေကြေးဖြင့်ဖြစ်စေ၊ သို့မဟုတ် ပညာသင်ကြားပေးခြင်းနှင့် လမ်းညွှန်ခြင်းဖြင့်ဖြစ်စေ ဤအကြွေးကို ပေးဆပ်ရာတွင် ကူညီပေးပါ။ ထိုအခါ အမီးရုလ်မုအ်မိနီးန် အလီဘင်န်အဘီသွာလိဗ် (ရဿွိယလ္လာဟုအန်ဟု)က သူ့အား ပြောကြားသည်မှာ- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်ုပ်အား သင်ပေးတော်မူခဲ့သော စကားလုံးအချို့ကို သင်အား သင်ကြားပေးရမည်လော။ အကယ်၍ သင့်၌ သိုင်ယ်မျိုးနွယ်စုတွင်ရှိသော စွိုင်ရ်အမည်ရှိတောင်လောက်ကြီးသော ကြွေးမြီရှိခဲ့လျှင်လည်း အလ္လာဟ်အရှင်မြတ်သည် ယင်းကြွေးမြီကို ၎င်း၏ပိုင်ရှင်ထံသို့ ပေးဆပ်စေတော်မူမည်ဖြစ်ပြီး သင့်အား ၎င်း၏ အရှက်တကွဲပြုလုပ်ခြင်းမှ လွတ်မြောက်စေတော်မူမည် ဖြစ်သည်။ ထို့နောက် အလီ(ရဿွိယလ္လာဟုအန်ဟု)က မိန့်ကြားသည်မှာ- အသင် ဤသို့ ရွတ်ဆိုပါ- အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးအား အရှင်မြတ် ခွင့်ပြုတော်မူသောအရာ (ဟလာလ်) ဖြင့် လုံလောက်စေတော်မူပြီး၊ အရှင်မြတ် တားမြစ်တော်မူသောအရာ (ဟရာမ်) သို့ ကျရောက်ခြင်းမှ ကင်းဝေးစေတော်မူပါ။ အရှင်မြတ်၏ ကျေးဇူးတော်နှင့် ရက်ရောတော်မူမှုဖြင့် ကျွန်တော်မျိုးအား ကြွယ်ဝချမ်းသာစေတော်မူပါ။ အရှင်မြတ်မှတစ်ပါး အခြားသော ဖန်ဆင်းခံသတ္တဝါတို့ထံမှ ကင်းလွတ်လုံလောက်စေတော်မူပါ။
စလ်မားန် အလ်ဖာရီစီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ပုဂ္ဂိုလ်သုံးဦးတို့အား ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် စကားပြောတော်မူမည်မဟုတ်၊ ၎င်းတို့အား (အပြစ်များမှ )သန့်စင်စေတော်မူမည်မဟုတ်ပေ၊ ထို့ပြင် သူတို့အဖို့ ပြင်းထန်သောအဇားဗ်ပြစ်ဒဏ်ရှိ၏။ ထိုသူတို့မှာ- ၁။ အိုမင်းသော်လည်း ဇိနာမှုကိုကျူးလွန်သူ ၂။ဆင်းရဲနွမ်းပါးသော်လည်း မောက်မာထောင်လွှားသူ၊ ၃။အလ္လာဟ်အရှင်မြတ်အား မိမိ၏ ကုန်ပစ္စည်းအဖြစ် ပြုလုပ်ထားသူဖြစ်ပြီး၊ (ဆိုလိုသည်မှာ) ၎င်းသည် (မိမိ၏ ကုန်ပစ္စည်းကို) အရှင်မြတ်၏နာမတော်အား ကိုင်တွယ်ကျိန်ဆို၍ ရောင်းချပြီး အရှင်မြတ်၏နာမတော်အား ကိုင်တွယ်ကျိန်ဆို၍ ဝယ်ယူသူ တို့ဖြစ်သည်။
رواه الطبرانيတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အလ္လာဟ်အရှင်မြတ်ပေးမည့် အပြစ်ဒဏ်ကို ခံစားထိုက်သော လူသုံးမျိုးအကြောင်းကို မိန့်ကြားတော်မူခဲ့သည်။ ထိုသူများသည် အကယ်၍ သောင်ဗဟ်အမှားဝန်ခံခြင်းမပြုပါက သို့မဟုတ် အလ္လာဟ်အရှင်မြတ်၏ ခွင့်လွှတ်တော်မူခြင်းကို မခံရပါက ကိယာမသ်နေ့တွင် အပြစ်ဒဏ်သုံးမျိုးကို ခံစားရမည်ဖြစ်သည်။ ပထမပြစ်ဒဏ် - အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်နေ့တွင် ထိုသူတို့အား စကားပြောတော်မူမည် မဟုတ်ပေ။ အကြောင်းမှာ အရှင်မြတ်၏ အမျက်တော်လွန်စွာပြင်းထန်သောကြောင့်ဖြစ်သည်။ ထိုမျှသာမက အရှင်မြတ်သည် သူတို့ထံမှ မျက်နှာလွှဲတော်မူမည်။ သို့တည်းမဟုတ် သူတို့အတွက် မပျော်ရွှင်ဖွယ်စကားများ၊ မိမိ၏အမျက်တော်ကို ဖော်ပြသော စကားများကိုသာ ပြောဆိုတော်မူမည် ဖြစ်သည်။ ဒုတိယပြစ်ဒဏ် - အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား သန့်စင်စေတော်မူမည် မဟုတ်သလို ချီးမွမ်းတော်မူမည်လည်း မဟုတ်ပေ။ ထို့ပြင် အပြစ်များမှ ၎င်းတို့အား သန့်ရှင်းစင် ကြယ်စေတော်မူမည် မဟုတ်ပေ။ တတိယပြစ်ဒဏ် - ၎င်းတို့အတွက် နောင်တမွန်ဘဝတွင် ပြင်းပြနာကျင်ဖွယ်ရာ ပြစ်ဒဏ်များ ရှိခြင်းဖြစ်သည်။ ထိုသို့ ပြစ်ဒဏ်ခံစားရမည့် လူသုံးမျိုးမှာ - ၁။ အသက်အရွယ်အိုမင်းသော်လည်း စက်ဆုပ်ရွံရှာဖွယ်ဇိနာမှုကို ကျူးလွန်သူ။ ၂။ ပစ္စည်းဥစ္စာမရှိသည့် ဆင်းရဲသားဖြစ်သော်လည်း လူတို့အပေါ် မောက်မာထောင်လွှားသူ။ ၃။ ရောင်းဝယ် ဖောက်ကားရာတွင် အလ္လာဟ်အရှင်မြတ်၏(နာမတော်ဖြင့်) မကြာခဏ ကျိန်ဆိုလေ့ရှိသူ။ ထိုသို့အားဖြင့် သူသည် အလ္လာဟ်အရှင်မြတ်၏နာမတော်ကို မထီမဲ့မြင်ပြုကာ ဥစ္စာပစ္စည်း စုဆောင်းရန် လမ်းစအဖြစ် အသုံးချသူဖြစ်သည်။
အဗူအုမာမဟ် အလ်ဗာဟိလီ (ရဿွိယလ္လာဟုအန်ဟု) က ဆင့်ပြန်ခဲ့သည်။ ၎င်းကပြောပြခဲ့သည် " အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ လူနှစ်ဦးအကြောင်း ဖော်ပြခဲ့ကြသည်။ တစ်ဦးမှာ အီဗာဒသ်တရားအားထုတ်သူ ဖြစ်၍ အခြားတစ်ဦးမှာ အာလင်မ်သာသနာ့ပညာရှင်ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- 'အာလင်မ်သာသနာ့ပညာရှင်၏ အီဗာဒသ်ပြုသူထက် သာလွန်မြင့်မြတ်မှုသည်၊ အသင်တို့အနက်မှ အနိမ့်ဆုံးလူထက် ငါကိုယ်တော်၏ သာလွန်မြင့်မြတ်မှု ကဲ့သို့ဖြစ်၏။' ထို့နောက် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဆက်လက်မိန့်ကြားတော်မူသည်- 'ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်နှင့် မလာအိကဟ်ကောင်းကင် တမန်များ၊ မိုးကောင်းကင်နှင့် ကမ္ဘာမြေရှိ အရာခပ်သိမ်းတို့သည်၊ မိမိ၏ တွင်းထဲ၌ရှိနေသောပုရွက်ဆိတ်မှအစ ပင်လယ်ထဲရှိသည့် ငါးသတ္တဝါအဆုံး (အားလုံးသည်) လူသားတို့အား ကောင်းမြတ်သောအရာများကို သင်ကြားပြသပေးသူအတွက် ဆွလာသ်ပို့သ ( အရှင်မြတ်ဘက်မှ ကရုဏာတော်ကို ချီးမြှင့်ရန် ဆုတောင်းပတ္ထနာပြု) ကြ၏။”
رواه الترمذيအလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ လူနှစ်ဦးအကြောင်း ဖော်ပြခဲ့ကြသည်။ တစ်ဦးမှာ အီဗာဒသ်တရားအားထုတ်သူ ဖြစ်၍ အခြားတစ်ဦးမှာ အာလင်မ်သာသနာ့ပညာရှင်ဖြစ်ပြီး၊ ထိုနှစ်ဦးအနက် မည်သူက သာလွန်မြင့်မြတ်သနည်းဟု လျှောက်ထားမေးမြန်းခဲ့ကြသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ- (ထိုအခါ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ -) သာသနာ့ပညာရပ်များကို နားလည်တတ်ကျွမ်းပြီး ယင်းအား လက်တွေ့လိုက်နာကျင့်သုံးကာ အခြားသူများကို သင်ကြားပေးသူသည် မိမိအတွက် မရှိမဖြစ်လိုအပ်သော အခြေခံပညာရပ်များကိုသာ သိရှိထားပြီး ဝိညာဉ်ရေးရာ အားထုတ်မှုတွင်သာ အချိန်ပြည့်မြှုပ်နှံထားသော ပုဂ္ဂိုလ်ထက် သာလွန်မြင့်မြတ်၏။ ထိုသို့သာလွန်မြင့်မြတ်မှုသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ဂုဏ်သိက္ခာက အနိမ့်ဆုံး ဆွဟာဗီသာဝကတစ်ပါးထက် သာလွန်မြင့်မြတ်သကဲ့သို့ပင် ဖြစ်၏။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က (ထိုသို့သာလွန်မြင့်မြတ်ရသည့်)အကြောင်း ရင်းကို ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်မှာ- အလ္လာဟ်အရှင်မြတ်၊ ထိုအရှင်၏ အရ်ရှ်ပလ္လင်တော်ကို ထမ်းထားသော မလာအိကဟ်ကောင်းကင် တမန်များ၊ မိုးကောင်းကင်ရှိ အခြားမလာအိကဟ်ကောင်းကင်တမန်များအားလုံး၊ မြေကြီးပေါ်ရှိ လူသားနှင့်ဂျင်န်၊ သတ္တဝါအားလုံးနှင့် မြေကြီးအထဲ၌ရှိသော ပုရွက်ဆိတ်များမှစ၍၊ ပင်လယ်ရှိငါးသတ္တဝါအထိ၊ ကုန်းနေ ရေနေ သတ္တဝါအဆုံး၊ ၎င်းတို့အားလုံးသည် လူသားများအား ၎င်းတို့အတွက် လွှတ်မြောက်ခြင်းနှင့် အောင်မြင်မှုများပါဝင်သည့် သာသနာ့အသိပညာရပ်များကို သင်ကြားပေးသူအတွက် ကောင်းချီးမင်္ဂလာရရန် ဒုအာတောင်းပေးကြလေသည်။
ဟုဇိုင်ဖဟ် ဗင်န် ယမားန် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အိပ်စက်ရန် အလိုရှိသည့်အခါတိုင်း မိမိ၏လက်ကို ခေါင်းအောက်တွင် ခုထားပြီး ဤဒုအာကို ရွတ်ဆို တော်မူလေ့ရှိသည် - «اللَّهُمَّ قِنِي عَذَابَكَ يَوْمَ تَجْمَعُ أَوْ تَبْعَثُ عِبَادَكَ» (အလ္လာဟုမ္မမကိနီ အဇာဗက ယောင်မ်မ သဂ်ျမအုအောင်ဝ် သဗ်အစု အိဗာဒက) အဓိပ္ပါယ် -"အိုအလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏ကျေးကျွန်များအား (ကိယာမသ်နေ့တွင်) စုရုံးခြင်း (သို့မဟုတ် ရှင်ပြန်ထမြောက်စေခြင်း) ပြုသောနေ့၌ အရှင်မြတ်၏ ပြစ်ဒဏ်မှ ကျွန်တော်မျိုးအား ကာကွယ်တော်မူပါ။"
رواه الترمذيတမန်တော်မြတ် (ဆွ) သည် အိပ်ရာဝင်တိုင်း အိပ်ရာခင်းတော်မူချိန်၌ ညာဘက်လက်မောင်းကို ခေါင်းအုံးအဖြစ် အသုံးပြုပြီး ညာဘက်ပါးကို ထိုလက်ပေါ်၌ ထားတော်မူသည်။ ထို့နောက် ဤဒုအာကို ရွတ်ဆိုတော်မူသည်။ "အလ္လာဟုမ္မ"- "အိုအလ္လာဟ်အရှင်မြတ်၊ အိုကျွန်တော်မျိုး၏အရှင်သခင်" "ကိနီ"- ကျွန်တော်မျိုးအား ကာကွယ်တော်မူပါဆိုလိုသည်မှာ ... မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးပါ" "'မင်န်အဇာဗိက"- "အရှင်မြတ်၏ပြစ်ဒဏ်မှ" "ယောင်မ်မ သဂ်ျမအု အောင်ဝ် သဗ်အစု အိဗာဒက" - "အရှင်မြတ်၏ကျေးကျွန်များအား စုရုံးသော (သို့မဟုတ် ရှင်ပြန်ထမြောက်စေသော) နေ့၊ ဆိုလိုသည်မှာ အစားပေးမည့်နေ့ (ကိယာမသ်နေ့) ဖြစ်သည်။"
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။ "မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကို ရှာဖွေဆည်းပူးရန်အတွက် သင်ယူအပ်သော သာသနာ့ပညာကို လောကီ၏ အကျိုးအမြတ်ကို ရရှိရန်အတွက်သာ သင်ယူခဲ့လျှင်၊ ထိုသူသည် ကိယာမသ်နေ့တွင် ဂျန္နတ်သုခဘုံ၏ အနံ့ကိုပင် ရရှိလိမ့်မည် မဟုတ်ပေ။ " ဆိုလိုသည်မှာ ဂျန္နတ်၏ သင်းပျံ့သောရနံ့ကိုပင် ရရှိမည်မဟုတ်ပေ။
رواه أبو داود وابن ماجه وأحمدတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်မှာ- မည်သူမဆို မူလအားဖြင့် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကို ရရှိရန်အတွက်သာ ရည်ရွယ်၍ သင်ယူအပ်သည့် သာသနာ့ပညာရပ်ကို ဤဘဝလောကမှ ရုပ်ဝတ္ထုပစ္စည်း၊ ငွေကြေး၊ ဂုဏ်သိက္ခာ စသည့် အကျိုးအမြတ်တစ်ခုခုကို ရရှိရန်အတွက်သာ သင်ယူခဲ့လျှင်၊ ထိုသူသည် ကိယာမသ်နေ့တွင် ဂျန္နတ်သုခဘုံ၏ အနံ့ကိုပင် ရရှိမည်မဟုတ်ပေ။
အနတ်စ် ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ “ဧကန်စင်စစ် ဂျန္နသ်သုခဘုံ၌ ဈေးတစ်ခုရှိသည်။ လူတို့သည် သောကြာ နေ့တိုင်း ထိုဈေးသို့ လာရောက်ကြသည်။ ထို့နောက် မြောက်လေသည် တိုက်ခတ်လာပြီး သူတို့၏ မျက်နှာများနှင့် အဝတ်အစားများပေါ်၌ (အလှအပနှင့်ဆိုင်သော) အရာများကို ဖြန့်ကြဲပေးလေသည်။ ထိုအခါ ၎င်းတို့သည် အလှအပနှင့် ဂုဏ်ကျက်သ ရေ၌ တိုးမြင့်လာ၏။ ထို့နောက် ၎င်းတို့သည် မိမိတို့၏မိသားစုများထံသို့ အလှအပနှင့် ဂုဏ်ကျက်သရေ တိုးပွားလျက် ပြန်လာကြသည်။ ထိုအခါ ၎င်းတို့၏ မိသားစုဝင်များက သူတို့အား ‘အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆိုပါသည်။ - ကျွန်ုပ်တို့နှင့် ခွဲခွာသွားစဉ်ကထက် ခင်ဗျားတို့၏ အလှအပနှင့် ဂုဏ်ကျက်သရေ ပို၍ တိုးတက်လာပါပေသည်’ ဟု ပြောဆိုကြသည်။ ထိုအခါ သူတို့က ‘အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆိုပါသည်။ ‘သင်တို့လည်း ကျွန်ုပ်တို့နှင့် ခွဲခွာသွားစဉ်ကထက် သင်တို့၏ အလှအပနှင့် ဂုဏ်ကျက်သ ရေ တိုးတက်လာပါပေသည်’ ဟု အပြန် အလှန် ပြောဆိုကြလေမည်။”
رواه مسلمတမန်တော်မြတ်(ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်- ဂျန္နသ်သုခဘုံတွင် နေရာတစ်ခု ရှိပြီး လူတို့သည် ထိုနေရာ၌စုစည်းကြလေသည်။ ထိုနေရာ၌ ရောင်းခြင်းလည်းမရှိ၊ ဝယ်ယူခြင်းလည်းမရှိ။ သူတို့အလိုရှိရာကို ယူကြ၏။ ခုနစ်ရက်တစ်ကြိမ် ထိုနေရာသို့ သူတို့လာရောက်ကြ၏။ ထို့နောက် မြောက်လေသည် တိုက်ခတ်လာပြီး သူတို့၏ မျက်နှာများနှင့် အဝတ်အစားများပေါ်၌ (အလှအပနှင့်ဆိုင်သော) အရာများကို ဖြန့်ကြဲပေးလေသည်။ ထိုအခါ ၎င်းတို့သည် အလှအပနှင့် ဂုဏ်ကျက်သရေ၌ တိုးမြင့်လာ၏။ ထို့နောက် ၎င်းတို့သည် မိမိတို့၏မိသားစုများထံသို့ အလှအပနှင့် ဂုဏ်ကျက်သရေ တိုးပွားလျက် ပြန်လာကြသည်။ ထိုအခါ ၎င်းတို့၏ မိသားစုဝင်များက သူတို့အား ‘အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆိုပါသည်။ - ကျွန်ုပ်တို့နှင့် ခွဲခွာသွားစဉ်ကထက် ခင်ဗျားတို့၏ အလှအပနှင့် ဂုဏ်ကျက်သရေ ပို၍ တိုးတက်လာပါပေသည်’ ဟု ပြောဆိုကြသည်။ ထိုအခါ သူတို့က ‘အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆိုပါသည်။ ‘သင်တို့လည်း ကျွန်ုပ်တို့နှင့် ခွဲခွာသွားစဉ်ကထက် သင်တို့၏ အလှအပနှင့် ဂုဏ်ကျက်သရေ တိုးတက်လာပါပေသည်’ ဟု အပြန် အလှန် ပြောဆိုကြလေမည်။”